သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၆ ခုနှစ် မေလ ၀၁ ရက်။

‎ ‎(အလွတ်သဘော ဘာသာပြန်ဆိုချက်)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်ထားသည့် နေအိမ်တစ်နေရာသို့ ပြောင်းရွှေ့လိုက်ခြင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မှတ်တမ်းတင် သိရှိထားပါသည်။ ခိုင်လုံသော နိုင်ငံရေးဖြစ်စဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် အထောက်အကူပြုမည့် အခြေအနေများသို့ ရှေးရှုသော အခြေခံခြေလှမ်းတစ်ရပ်အနေဖြင့် တရားလက်လွတ်ဖမ်းဆီး ထိန်းသိမ်းထားသူအားလုံးကို အမြန်ဆုံးနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် အတွင်းရေးမှူးချုပ်က တောင်းဆိုပါသည်။

လက်တွေ့ကျသော နိုင်ငံရေးဖြေရှင်းချက်တစ်ခုသည် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ခြင်းနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုအတွက် စစ်မှန်သော ကတိကဝတ်ပြုခြင်းတို့အပေါ်တွင်သာ အခြေခံရမည်ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်က ထပ်လောင်းပြောကြားပါသည်။ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့က တောင်းဆိုထားသည့်အတိုင်း မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော ဖြေရှင်းချက်တစ်ခုရရှိစေရေး ကြိုးပမ်းမှုများကို ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများ၊ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ မည်သို့ကူညီ ပံ့ပိုးပေးနိုင်မည်ဆိုသည့် အချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် သူ၏ အထူးကိုယ်စားလှယ်တို့အကြား ဆက်လက်တွေ့ဆုံဆွေးနွေးသွားရန် အရေးကြီးကြောင်းကိုလည်း ၎င်းက အလေးအနက် ပြောကြားထားပါသည်။

Generic Profile

Farhan Haq

Deputy Spokesman for the Secretary-General

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ