စစ်ပွဲတစ်ခုမှာ ပထမဆုံး စတေးခံရတဲ့အရာက အမှန်တရားလို့ လူတွေ ပြောလေ့ရှိကြပါတယ်။
ဒါပေမဲ့ အမှန်တရားကို တင်ပြဖို့ အရာရာကို ရင်းနှီးထားကြရတဲ့ သတင်းထောက်တွေဟာ ပထမဆုံး စတေးခံရသူတွေ ဖြစ်နေတတ်ပါတယ်။ စစ်ပွဲတွေမှာတင်မကဘဲ အာဏာရှိသူတွေရဲ့ စစ်ဆေးခြင်းကို ကြောက်နေရတဲ့ နေရာတိုင်းမှာ ဒါတွေဟာ ပိုပြီးတော့တောင် အဖြစ်များနေပါတယ်။
ကမ္ဘာအနှံ့မှာရှိတဲ့ မီဒီယာသမားတွေဟာ ဆင်ဆာဖြတ်တောက်မှု၊ စောင့်ကြည့်ထောက်လှမ်းမှု၊ ဥပဒေကြောင်းအရ နှောင့်ယှက်ဟန့်တားမှုတွေနဲ့ အသက်အန္တရာယ်အထိတောင် စိုးရိမ်ရတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ စစ်မီးတောက်နေတဲ့ ဒေသတွေအတွင်း သတင်းထောက်တွေ သတ်ဖြတ်ခံရမှုဟာ သိသိသာသာ မြင့်တက်လာပါတယ်။ ဖြစ်စဉ်အများစုဟာ မတော်တဆမဟုတ်ဘဲ သူတို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
သတင်းထောက်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ စုံစမ်းစစ်ဆေးခံရခြင်းမရှိသလို အပြစ်ပေးခံရခြင်းလည်း မရှိပါဘူး။ ဒါဟာ လုံးဝလက်ခံနိုင်စရာမရှိတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
စီးပွားရေးဆိုင်ရာ ဖိအားပေးမှုတွေ၊ နည်းပညာအသစ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးမှုတွေကြောင့်လည်း သတင်းလွတ်လပ်ခွင့်ဟာ တစ်ခါဖူးမျှ မကြုံဖူးလောက်အောင် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ရယူနိုင်ခွင့် ဆုံးရှုံးလာတဲ့အခါ ယုံကြည်မှု ကင်းမဲ့ခြင်းဟာ အမြစ်တွယ်လာတတ်ပါတယ်။
လူထုကြား အချေအတင်ဆွေးနွေးမှုတွေ ပုံဖျက်ခံရတဲ့အခါ လူမှုစည်းလုံးညီညွတ်မှုတွေ လျော့ရဲလာတတ်ပါတယ်။
နောက်ပြီး သတင်းစာပညာရဲ့ အခန်းကဏ္ဍကို ထိခိုက်အောင် လုပ်ဆောင်ခံရတဲ့အခါ အကျပ်အတည်းတွေကို တားဆီးဖို့နဲ့ ဖြေရှင်းဖို့အတွက် ပိုမိုခက်ခဲလာစေပါတယ်။
လွတ်လပ်ခွင့်အားလုံးဟာ သတင်းလွတ်လပ်ခွင့်အပေါ်မှာ မူတည်ပါတယ်။
သတင်းလွတ်လပ်ခွင့်သာ မရှိရင် လူ့အခွင့်အရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးဆိုတာလည်း ရှိလာနိုင်မှာ မဟုတ်ပါဘူး။
ယနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ သတင်းသမားတွေရဲ့ ရပိုင်ခွင့်တွေကို အတူတကွ ကာကွယ်စောင့်ရှောက်ကြရအောင်ပါ။ အမှန်တရားနဲ့ အမှန်တရားကို ဖော်ထုတ်သူတွေ ဘေးကင်းလုံခြုံတဲ့ ကမ္ဘာကြီးတစ်ခုကိုလည်း ဝိုင်းဝန်းတည်ဆောက်ကြရအောင်ပါ။