မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူထုထံ ကျန်းမာရေးစောင့်ရှောက်မှုများ ရောက်ရှိရေး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်း
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဆင့်ကဲဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကြောင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့ ဆက်လက် ခက်ခဲနေချိန်မှာ ကုလသမဂ္ဂအေဂျင်စီတွေက လူထုဗဟိုပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ လူထုနဲ့ ထိတွေ့ဆက်ဆံခြင်း၊ မိသားစုများအား ပံ့ပိုးကူညီခြင်းကနေ ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းနဲ့ ကျန်းမာရေး စနစ်တစ်ခုလုံး ခိုင်မာလာဖို့အထိ ကဏ္ဍအသီးသီးက ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ညှိနှိုင်းထားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အသက်ကယ်ဆယ်ရေး ဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရုံသာမက အခက်ခဲဆုံးသော အခြေအနေတွေမှာလည်း တစ်ဦးချင်းစီနဲ့ လူမှုအသိုက်အဝန်းတွေကို ပိုမိုကျန်းမာပြီး ကြံ့ကြံ့ခံနိုင်ရည်ရှိတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်စေပါတယ်။
အမှောင်ထုကြားက အလင်းရောင်
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အရုဏ်မတက်ခင် အချိန်မျိုးမှာ ပုံမှန်အားဖြင့်တော့ အမှောင်ထုကြီးစိုးနေတတ်ပါတယ်။ ဒါပေမဲ့ အသစ်ဆောက်လုပ်ထားတဲ့ ဆေးခန်းလေးတစ်ခုအတွင်းမှာတော့ ထွန်းညှိထားတဲ့ ဆိုလာ လျှပ်စစ်မီးက တိတ်တဆိတ် အလင်းရောင်ပေးနေရုံသာမကဘဲ ဘေးကင်းလုံခြုံမှု၊ ယုံကြည်စိတ်ချရမှုနဲ့ အနှောင့်အယှက်ကင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ ပေးစွမ်းနေတာပါ။
အမွှာရင်သွေးလေးတွေကို ကိုယ်ဝန်ဆောင်ထားရတဲ့ နန်းဟွမ်အတွက်တော့ ဒီဆေးခန်းလေးဟာ သူမရဲ့ တစ်ခုတည်းသော အားကိုးရာ ဖြစ်ခဲ့ပါတယ်။
"အရင်တုန်းက ဆေးခန်းဟောင်းမှာဆိုရင် လူနာကုတင်တောင် မရှိခဲ့ပါဘူး" လို့ ကျန်းမာရေးစနစ်ရဲ့ ကွာဟချက်တွေကြားမှာ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရတဲ့ ဒေသခံကျန်းမာရေးဝန်ထမ်း မနန်း* က ပြန်ပြောင်းပြောပြပါတယ်။ “အဲဒီတုန်းက အမြဲလိုလို မီးပျက်နေတတ်တဲ့ ဖုန်တွေနဲ့ ရိုးရိုးအဆောက်အအုံလေးပေါ့။”
အခုတော့ အတိတ်က စိုးရိမ်ကြောက်လန့်မှုတွေအစား ဂုဏ်သိက္ခာရှိပြီး ဘေးကင်းလုံခြုံမှုတွေနဲ့ အစားထိုးဝင်ရောက်လာပါပြီ။ ဒီဆေးခန်းကို ပုဂ္ဂလိကကဏ္ဍ မိတ်ဖက်အဖွဲ့အစည်းတစ်ခုရဲ့ ပံ့ပိုးမှုနဲ့ ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) က စီမံခန့်ခွဲတဲ့ Access to Health Fund က တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဆေးခန်းမှာ မသန်စွမ်းသူတွေ အဆင်ပြေပြေ သွားလာနိုင်ဖို့ လူသွားလမ်းကျယ်တွေနဲ့ သီးသန့် သားဖွားခန်းတွေ အပြင် လူနာအားလုံး ကျန်းမာရေးဝန်ဆောင်မှုတွေကို ပိုမိုလွယ်ကူစွာ ရယူနိုင်အောင် စီမံထားပါတယ်။ “ဆိုလာမီးတွေရှိလို့ မနက်အစောကြီး ၃ နာရီလောက်မှာတောင် ဘာအခက်အခဲမှ မရှိခဲ့ဘူး” လို့ ကျန်းမာသန်စွမ်းတဲ့ အမွှာရင်သွေးလေးတွေကို ပိုက်ထွေးထားရင်း နန်းဟွမ်က ရှင်းပြပါတယ်။ “ဒီမှာဆိုရင် ကျွန်မတို့ ဘေးကင်းလုံခြုံတယ်လို့ ခံစားရပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက် ခံရပါတယ်။”
လူထုယုံကြည်အားကိုးနိုင်သည့် ကျန်းမာရေးစနစ်များ တည်ဆောက်ခြင်း
အခုလိုမျိုး အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံတာဟာ အဆောက်အအုံတွေကို ပိုမို ကောင်းမွန်လာစေတာထက် ပိုပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေက ဘေးကင်းလုံခြုံပြီး၊ ယုံကြည် အားထားလို့ရကာ၊ လက်လှမ်းမီနိုင်တဲ့အခါ ရပ်ရွာလူထုအနေနဲ့ မိမိတို့လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပိုမိုရှာဖွေရယူလာကြမှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာတင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ လူပေါင်း ၆၆၈,၀၀၀ ကျော်အတွက် အသက်ကယ် ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး၊ မိတ်ဖက်အဖွဲ့အစည်းတွေကတစ်ဆင့်လည်း လူပေါင်း ၁၈၃,၀၀၀ ကျော်ကို ဘေးကင်းစိတ်ချရတဲ့ အခြေခံနဲ့ အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှုတွေ ရရှိနိုင်စေခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေက ကျန်းမာရေးစောင့်ရှောက်မှု ရယူဖို့ အကန့်အသတ်တွေရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံအတွက် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။ ရောဂါကူးစက်ပြန့်ပွားမှုတွေကို ကာကွယ်ဖို့၊ နာတာရှည်ရောဂါတွေကို ကုသကြပ်မတ်ဖို့နဲ့ အသက်ပေါင်းများစွာကို ကယ်ဆယ်ဖို့တို့အတွက် ရေရှည်တည်တံ့တဲ့ ပံ့ပိုးကူညီမှုတွေက အလွန် အရေးပါ ပါတယ်။
ပိုမိုခိုင်ခံ့သော အိမ်ဂေဟာတစ်ခု၏ နောက်ကွယ်မှ သိပ္ပံပညာ
အခုလိုမျိုး ပေါင်းစပ်ညှိနှိုင်းထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းရဲ့ အကျိုးသက်ရောက်မှုဟာ ဆေးကုသမှုပေးရုံတင်မကဘဲ မိသားစုဘဝရဲ့ အခြေခံအလေ့အထတွေအထိပါ သက်ရောက်မှုရှိပါတယ်။ အဲဒါကို ပင်လောင်းမြို့နယ်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ကြံ့ခိုင်သော မိသားစုများ အစီအစဉ် (Strong Families Programme) မှာတွေ့နိုင်ပါတယ်။ ဒီအစီအစဉ်က လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေကို ရင်ဆိုင်နေရတဲ့ လူမှုအသိုက်အဝန်းတွေအတွင်းမှာ မိဘအုပ်ထိန်းမှုစွမ်းရည် မြှင့်တင်ဖို့၊ အုပ်ထိန်းသူတွေနဲ့ ကလေးတွေကြား ဆက်ဆံရေးတိုးတက်စေဖို့နဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုရှိစေဖို့တို့အတွက် သိပ္ပံနည်းကျ အထောက်အထားတွေအပေါ် အခြေခံပြီး စနစ်တကျ ရေးဆွဲထားတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
ဒီအစီအစဉ်ကနေ လက်တွေ့ကျတဲ့ သင်တန်းတိုများ ပို့ချပေးပြီး၊ မိဘများအနေနဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှုကို ပံ့ပိုးပေးနိုင်ဖို့၊ မိသားစုအတွင်း ပဋိပက္ခများကို လျှော့ချနိုင်ဖို့နဲ့ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တခြား ဘေးဥပဒ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေနိုင်မယ့် ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးနိုင်ဖို့ လိုအပ်နေတဲ့ နည်းလမ်းတွေကို သင်ကြားပေးပါတယ်။
မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို ဦးဆောင်နေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခု ဖြစ်တာနဲ့အညီ UNODC ဟာ ပိုမိုကျယ်ပြန့်တဲ့ ကျန်းမာရေး ဂေဟစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကြံ့ခိုင်သော မိသားစုများ အစီအစဉ်မှာ စိတ်ဖိစီးမှု၊ အဆက်အသွယ်ပြတ်တောက်မှုနဲ့ အသိပညာဗဟုသုတ နည်းပါးမှုလိုမျိုး အားနည်းချက်တွေရဲ့ အရင်းခံအကြောင်းတရားတွေကို ဖြေရှင်းပေးတာကြောင့် မူးယစ်ဆေးဝါး အလွဲသုံးမှုကို တိုက်ရိုက်ကာကွယ်ပေးတဲ့အပြင် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ ကောင်းကျိုးသုခတိုးပွားအောင် အထောက်အကူပြုပါတယ်။
ကလေးသုံးယောက်ရဲ့ မိခင်တစ်ဦးဟာ သူမနဲ့ သူမရဲ့ကလေးတွေကြားမှာ တဖြည်းဖြည်းဝေးကွာလာ သလို ခံစားခဲ့ရဖူးပါတယ်။ " အရင်တုန်းကတော့ ကလေးတွေကို ကျွေးမွေးနိုင်တာ၊ ကျောင်းထားပေးနိုင်တာနဲ့တင် လုံလောက်ပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူတို့နဲ့ တကယ်တမ်း ဘယ်လို စကားပြောဆိုရမလဲ... သူတို့ ဘာတွေ ကြုံတွေ့နေရလဲဆိုတာကို နားလည်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ကျွန်မ မသိခဲ့ဘူး" လို့ သူမက ဖွင့်ဟပြောပြခဲ့ပါတယ်။
ဒီအစီအစဉ်ကတစ်ဆင့် သူမရဲ့ သဘောထား အမြင်တွေ စတင်ပြောင်းလဲလာခဲ့ပါတယ်။ "ကျန်းမာရေးဆိုင်ရာ သိပ္ပံပညာ" ဆိုတာဟာ ဆေးခန်းနဲ့ ဆေးရုံတွေထဲမှာပဲ ရှိနေတာ မဟုတ်ဘဲ နေ့စဉ် ထိတွေ့ဆက်ဆံမှုတွေ၊ နားထောင်ပေးမှုတွေ၊ ယုံကြည်မှုနဲ့ မိသားစုအတွင်း ပွင့်ပွင့်လင်းလင်း ဆက်သွယ်ပြောဆိုမှုတွေကနေ တည်ဆောက်ယူလို့ရတယ်ဆိုတာကို သူမ တွေ့ရှိသွားခဲ့ပါတယ်။
စဉ်ဆက်မပြတ် ပြုစုစောင့်ရှောက်နိုင်ဖို့ အားဖြည့်ပေးခြင်း
WHO နဲ့ UNOPS တို့လို မိတ်ဖက် အဖွဲ့အစည်းတွေဟာ ရပ်ရွာစေတနာ့ဝန်ထမ်းတွေနဲ့ လက်တွဲပြီး ဆေးဘက်ဆိုင်ရာ ကုသ စောင့်ရှောက်မှုတွေ စဉ်ဆက်မပြတ် ရရှိအောင် ဆောင်ရွက်ပေးနေသလို UNODC ကလည်း ကျန်းမာရေးဆိုင်ရာ အလေ့အထများ စတင်ရာဖြစ်တဲ့ အိမ်တွင်း ပတ်ဝန်းကျင်ကို ပိုမို ကောင်းမွန်လာအောင် လုပ်ဆောင်ပေးနေပါတယ်။ ဒီလိုမျိုး ပူးပေါင်း ဆောင်ရွက်မှုတွေကနေတစ်ဆင့် ဆေးဘက်ဆိုင်ရာ ကျန်းမာရေးနဲ့ စိတ္တလူမှုပိုင်းဆိုင်ရာ ကျန်းမာရေး နှစ်ရပ်လုံးအပေါ် အခြေခံတဲ့ ဘက်စုံလွှမ်းခြုံတဲ့ စနစ်တစ်ခုကို ဖော်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
ဒီလို အခြေခံကောင်းတွေအပေါ်မှာ ဆက်လက်ပြီး WHO ရဲ့ ရပ်ရွာလူထု ဦးဆောင်တဲ့ မိခင်နို့တိုက်ကျွေးရေး လှုံ့ဆော်မှုအစီအစဉ်အောက်မှာ ကလေးသူငယ်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးတဲ့ ပထမ ရက်ပေါင်း ၁,၀၀၀ ကာလအတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် နှစ်နှစ်အောက် ကလေးရှိတဲ့ မိခင် စုစုပေါင်း ၂၅၂ ဦးကို ပံ့ပိုးကူညီပေးနိုင်ခဲ့ပါတယ်။ WHO ရဲ့ ပညာပေးဆွေးနွေးပွဲတစ်ခုအပြီးမှာ မိခင်တစ်ဦးက "မိခင်နို့တိုက်တယ်ဆိုတာ အစားအစာကျွေးတာသက်သက် မဟုတ်ဘဲ ကာကွယ်ပေးတာဆိုတာကို ကျွန်မ သိလိုက်ရတယ်။ မိခင်နို့ဟာ မွေးကင်းစ ကလေးငယ်တွေအတွက် အကောင်းဆုံး ကာကွယ်ဆေးပါပဲ" လို့ ပြောပြခဲ့ပါတယ်။
ဒီလိုမျိုး ဒေသအလိုက် အချင်းချင်း ဖေးမကူညီပေးတဲ့ ဆွေးနွေးပွဲလေးတွေဟာ ပိုမိုကျယ်ပြန့်တဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်ရေးနဲ့ ရပ်ရွာလူထုနဲ့ ထိတွေ့ဆက်ဆံရေးလုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကတစ်ဆင့် ၂၀၂၅ ခုနှစ်အတွင်းမှာ လူပေါင်း ၄.၆ သန်းဆီကို သူတို့ရဲ့ ဒေသနဲ့ ကိုက်ညီမယ့် ကျန်းမာရေး အသိပညာပေး သတင်းစကားတွေ ပေးပို့နိုင်ခဲ့ပါတယ်။ ဒါဟာ ရပ်ရွာလူထုအနေနဲ့ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်တွေကို ပိုမိုနားလည်လာစေဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ကျင့်သုံးလာစေဖို့နဲ့ ရောဂါကူးစက်ပြန့်ပွားမှုတွေကို လျှော့ချနိုင်ဖို့အတွက် များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်။
ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ ခရီးလမ်း
ပဲခူးတိုင်းဒေသကြီးထဲမှာတော့ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ခရီးလမ်း ဘယ်လောက်ဝေးသလဲ၊ လမ်းစရိတ် ဘယ်လောက်ကုန်သလဲ ဆိုတာတွေနဲ့ တိုင်းတာကြရလေ့ရှိပါတယ်။ အသက် ၁၁ နှစ်ပဲ ရှိသေးတဲ့ စု ကတော့ HIV ဝေဒနာရှင် တစ်ယောက်ဖြစ်လို့၊ သူမရဲ့ နေ့စဉ်ဘဝက ဆေးသောက်ရမယ့် အချိန်ပေါ်မှာ မူတည်ပြီး လည်ပတ်နေရပါတယ်။ မြန်မာနိုင်ငံမှာ HIV ပိုးရှိသူ ဦးရေ ၂၉၀,၀၀၀ အနက် ၇၅ ရာခိုင်နှုန်းလောက်ကို ကုသမှုတွေ စဉ်ဆက်မပြတ် ရရှိနေအောင် WHO က ကူညီပေးနေပေမဲ့၊ ကလေးတွေအတွက် အထူးကုသမှုတွေ ရဖို့ဆိုတာကတော့ ဝေးလံတဲ့ မြို့ကြီးတွေက ဆေးရုံအနည်းငယ်ဆီကိုပဲ သွားရောက်ကုသလို့ ရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။
"တကယ်တော့ ခက်ခဲနေတာက ရောဂါဝေဒနာ မဟုတ်ပါဘူး" လို့ စုရဲ့ မိခင်ဖြစ်သူ မဝင်းက ရှင်းပြပါတယ်။ "ဆေးရှိတဲ့နေရာကို အရောက်သွားဖို့ ခရီးလမ်းက ပိုပြီး ခက်ခဲနေတာပါ"။ စု တို့လို ကလေးငယ်တွေနဲ့ တခြားလိုအပ်နေသူတွေပါ အကူအညီမဲ့ ကျန်ရစ် မနေခဲ့စေဖို့အတွက် UNICEF နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ အချင်းချင်း ဖေးမကူညီပေးတဲ့ စေတနာ့ဝန်ထမ်းကွန်ရက် တစ်ခုကို ပံ့ပိုးပေးနေပါတယ်။ ဒီစေတနာ့ဝန်ထမ်းတွေဟာ ကုသစောင့်ရှောက်မှုတွေဆီ အရောက်လှမ်းနိုင်အောင် ချိတ်ဆက်ပေးတဲ့ လူသားတံတားတွေအဖြစ် ဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်။
အခုဆိုရင် အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကိုကို ဟာလည်း ဒီလိုကုသမှုမျိုးနဲ့ပဲ ကြီးပြင်းလာခဲ့သူတစ်ဦးပါ။ အခုဆိုရင် သူဟာ HIV ပိုးရှိနေမှန်း သိလိုက်ရလို့ ကြောက်ရွံ့နေတဲ့ ကလေးငယ်လေးတွေကို စိတ်သက်သာရာရအောင် ပြန်လည်နှစ်သိမ့်ပေးရင်း သူ့ရဲ့နေ့ရက်တွေကို ဖြတ်သန်းနေပါတယ်။ HIV နဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုတွေ ရှိနေသေးတဲ့ လူမှုပတ်ဝန်းကျင်မျိုးမှာ ဒီလိုမျိုး အတွေ့အကြုံတူသူချင်း ဖေးမကူညီမှုက အလွန်အရေးကြီးပါတယ်။ ဒါဟာ ကလေးတွေကို အထီးကျန်မနေစေဘဲ ကုသမှုကို ဆက်လက်ခံယူချင်စိတ်ရှိလာအောင် အများကြီး အထောက်အကူပြုပါတယ်။ "အဲဒီနေ့က သူ လိုအပ်နေတာက ဆရာဝန်တစ်ယောက် မဟုတ်ပါဘူး။ ဘဝကို သူ့လိုပဲ ဖြတ်သန်းဖူးတဲ့ လူတစ်ယောက်ကို လိုအပ်နေခဲ့တာပါ" လို့ သူကိုယ်တိုင် ကူညီပေးခဲ့တဲ့ ကလေးငယ်လေး တစ်ယောက်အကြောင်းကို ကိုကိုက ပြန်ပြောပြပါတယ်။ ဒီလိုမျိုး ရပ်ရွာလူထုကို အခြေပြုတဲ့ ချဉ်းကပ်ဆောင်ရွက်မှုတွေဟာ ကုသမှုရလဒ်တွေကို ပိုမိုကောင်းမွန်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က တီဘီရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သူပေါင်း ၁၁၆,၀၀၀ ကျော်ရဲ့ ၈၅ ရာခိုင်နှုန်းကို ကုသမှုအောင်မြင်အောင် ထိန်းသိမ်းပေးနိုင်ခဲ့တာက သာဓကတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍဟာ ပဋိပက္ခတွေကြောင့် ဆိုးရွားစွာ ပျက်စီးယိုယွင်းနေဆဲ ဖြစ်ပြီး ဆေးကုသမှုပေးတာ၊ လူထုထံအရောက်ကွင်းဆင်းဆောင်ရွက်တာနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်တာတွေကို နည်းလမ်းမျိုးစုံနဲ့ ပေါင်းစပ်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းမှာတင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ် ကျန်းမာရေး အစီအစဉ် (WHE) ကတစ်ဆင့် လူပေါင်း ၉၇၀,၀၀၀ ကျော်ဆီကို အရောက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အခြေအနေတွေ ဆိုးရွားနေတဲ့ နေရာဒေသမျိုးတွေမှာလည်း အရေးကြီးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြတ်တောက်မသွားဘဲ လူတိုင်း လက်လှမ်းမီနေအောင် ကူညီဆောင်ရွက်ပေးနေပါတယ်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ သိပ္ပံနည်းကျ အချက်အလက်တွေအပေါ် အခြေခံပြီး အားလုံးစုပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ အထူးအခွင့်အရေးတစ်ခု မဟုတ်ဘဲ အခြေခံအခွင့်အရေးတစ်ခု ဖြစ်လာမယ့် ကျန်းမာရေးစနစ်မျိုး ပေါ်ပေါက်လာအောင် ပံ့ပိုးပေးနေပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး ဆေးခန်းတွေကစလို့ မိဘအုပ်ထိန်းမှုဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အချင်းချင်း ဖေးမကူညီပေးတဲ့ စေတနာ့ဝန်ထမ်း ကွန်ရက်တွေအထိ... ဒီလုပ်ဆောင်ချက် တစ်ခုချင်းစီဟာ အပြန်အလှန် ချိတ်ဆက်နေတဲ့ ကျန်းမာရေး ဂေဟစနစ်ကြီးရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒီစနစ်ကြီးက ပိုမိုကျန်းမာတဲ့ အနာဂတ်ဆီကို လျှောက်လှမ်းတဲ့နေရာမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ နောက်ကျကျန်မနေခဲ့စေဖို့ အာမခံချက် ပေးထားတာပဲ ဖြစ်ပါတယ်။
*တွေ့ဆုံမေးမြန်းခဲ့သူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ရန်အတွက် အချို့သော အမည်များကို လွှဲပြောင်းအသုံးပြုထားပါသည်။
ဤဇာတ်လမ်းပါ အကြောင်းအရာများသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော ကွင်းဆင်းအချက်အလက်များနှင့် လုပ်ငန်းစီမံချက် အချက်အလက်များအပေါ် အခြေခံ၍ ရေးသားထားခြင်း ဖြစ်ပါသည်။