ငလျင်ဒဏ်သင့် မြန်မာနိုင်ငံတွင်း အောက်ခြေကစ ပြန်လည်ထူထောင်ခြင်း
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ငလျင်လှုပ်ခတ်ပြီး တစ်နှစ်အကြာမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆိုတာ အဆောက်အဦးတွေ ပြန်ဆောက်နိုင်တာတင်မကဘဲ ရပ်ရွာလူထုကြားမှာလည်း ကူးလူးဆက်သွယ်မှုကွန်ရက်ကို ကောင်းမွန်စွာလည်ပတ်စေနိုင်ခဲ့ပါပြီ။ ဘေးဒဏ်သင့်ဒေသတွေမှာ လမ်းကြီး လမ်းငယ်တွေနဲ့ အများပိုင် အခြေခံအဆောက်အဦးတွေကို ပြန်လည်ပြုပြင်နေကြတာကြောင့် ဈေးသွား၊ ကျောင်းသွား၊ တခြားဝန်ဆောင်မှုတွေဆီ သွားလာတာလိုမျိုး နေ့စဉ်ဘဝတွေကို ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းလာနိုင်ကြသလို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလည်း တဖြည်းဖြည်း ပြန်လည်နလန်ထူလာနေပါပြီ။ ရပ်ရွာလူထုကိုယ်တိုင် ဦးဆောင်တဲ့ ဒီလိုကြိုးပမ်းမှုတွေဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြုပြင်တာထက်မကဘဲ ပြန်လည်ထူထောင်ရေးအတွက် အခြေခံကောင်းတွေကိုပါ တည်ဆောက်နေကြတာ ဖြစ်ပါတယ်။
နေပြည်တော်နားက ရွာတစ်ရွာမှာဆိုရင် အရင်က ရွှံ့ဗွက်တွေနဲ့ သွားလာရခက်တဲ့ လမ်းလေးဟာ အခုတော့ ဆိုလာမီးတိုင်လေးတွေနဲ့ ကွန်ကရစ်လမ်းမကြီး ဖြစ်နေပါပြီ။ ဒီလမ်းကို အရင်ကတည်းက ဒေသခံတွေကိုယ်တိုင် နှစ်နဲ့ချီပြီး ဝိုင်းဝန်းတည်ဆောက်ခဲ့ကြတာပါ။ ဒါပေမဲ့ ငလျင်လှုပ်ခတ်သွားတဲ့အခါမှာတော့ အကောင်အထည်ဖော်နေတာတွေ ရပ်တန့်သွားခဲ့ပြီး မီတာ ၉၀၀ နီးပါးလောက် အချောမသတ်နိုင်ဘဲ ကျန်ခဲ့ပါတယ်။
လမ်းခင်းတဲ့အလုပ်ကို ပြန်စတဲ့အခါမှာ ကျန်နေတာကို အပြီးသတ်ဖို့သက်သက် မဟုတ်တော့ပါဘူး။ စာသင်ကျောင်းတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ လုပ်ငန်းခွင်တွေနဲ့ နေ့စဉ်လူနေမှုဘဝတွေ ပုံမှန်ပြန်ဖြစ်ဖို့အတွက် ချိတ်ဆက်မှုကို ပြန်လည်ဖော်ဆောင်တာလည်း ဖြစ်ပါတယ်။
“ဒီလမ်းက ကျောင်းသွားဖို့၊ အလုပ်သွားဖို့နဲ့ ကျန်းမာရေးကိစ္စတွေအတွက် အရေးပါ ပါတယ်။” လို့ လူငယ်စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ “အရင်ကဆိုရင် လမ်းက ရွှံ့ဗွက်တွေနဲ့မို့ သွားလာရတာ တော်တော်ခက်ခဲတယ်။”
အခုတော့ မိုးတွင်းမှာတောင် အရင်ကထက် ပိုပြီး သွားလာလို့ကောင်းသွားပါပြီ။ ကလေးတွေလည်း ကျောင်းကို ပိုပြီး ဘေးကင်းကင်းနဲ့ သွားနိုင်ပါပြီ။ အရင်က ရပ်နားထားခဲ့ရတဲ့ တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဒေသတွင်းလုပ်ငန်းလေးတွေလည်း တဖြည်းဖြည်း ပြန်လည်စတင်လာနေပါပြီ။ တချို့နေရာတွေမှာဆိုရင် ပြန်လည်ပြုပြင်ထားတဲ့ လမ်းတွေတစ်လျှောက် ဘေးကင်းလုံခြုံဖို့နဲ့ သွားလာရလွယ်ကူစေဖို့အတွက် နေရောင်ခြည်စွမ်းအင်သုံး (Solar) လမ်းမီးတွေ တပ်ဆင်ပေးတာမျိုးတွေအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) လိုမျိုး မိတ်ဖက်အဖွဲ့အစည်းတွေကလည်း ကူညီပံ့ပိုးမှုတွေကို အားထည့်လုပ်ဆောင်ပေးနေပါတယ်။
နေ့စဉ်လူမှု့ဘဝတွေအတွက် အဓိကကျတဲ့ ချိတ်ဆက်မှုတွေကို ပြန်လည်ဖော်ဆောင်ခြင်း
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ငလျင်လှုပ်ခတ်သွားတဲ့အခါ နေအိမ်တွေတင်မက တခြားထိခိုက်ပျက်စီးမှုတွေပါ ရှိခဲ့ပါတယ်။ လမ်းတွေ ပြတ်တောက်ခဲ့သလို ရေအရင်းအမြစ်တွေလည်း ပျက်စီးသွားခဲ့ကာ ဈေး၊ စာသင်ကျောင်းနဲ့ ဆေးခန်းတွေဆီ သွားရောက်ဖို့တောင် မရေရာ မသေချာဖြစ်ခဲ့ရပါတယ်။
ဘေးအန္တရာယ် ဖြစ်ပွားပြီးပြီးချင်းမှာပဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစတင်နိုင်ခင် ပျက်စီးနေတဲ့ အပျက်အစီး အစုအပုံကြီးတွေကို အရင်ဖယ်ရှားခဲ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းဖို့နဲ့ ပြန်လည်တည်ဆောက်ရေးတွေ လုပ်နိုင်ဖို့အတွက် ဖယ်ရှားဖို့ လိုအပ်တဲ့ အပျက်အစီး ပမာဏဟာ ခန့်မှန်း တန်ချိန် ၃.၅ သန်း (3.5 million metric tons)ခန့် ရှိပါတယ်။ ယခုထိ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ ပံ့ပိုးဆောင်ရွက်မှုတွေနဲ့ အပျက်အစီး တန်ချိန်ပေါင်း ၇၉,၅၆၀ ကျော်ကို ဖယ်ရှားပေးနိုင်ခဲ့လို့ လူပေါင်း ၅၄၄,၀၀၀ ကျော်အတွက် သွားလာရေး လွယ်ကူသွားစေခဲ့ပါတယ်။ ရှေ့ဆက်ပြီး တန်ချိန် ၁၀၈,၀၀၀ ကျော်ကို ထပ်မံဖယ်ရှားဖို့ စီစဉ်ထားသလို၊ အဲဒီအပျက်အစီးတွေကို စနစ်တကျ ပြန်လည်ခွဲခြားပြီး တခြားနေရာတွေမှာ ပြန်သုံးလို့ရအောင် (Recycle) လုပ်ဆောင်သွားမှာဖြစ်လို့ ဘေးဒဏ်သင့်ဒေသက လူတွေအတွက် ဝင်ငွေရမယ့်အခွင့်အလမ်းတွေကိုလည်း ဖန်တီးပြီးသားဖြစ်သွားမှာပါ။
အဲဒီ ချိတ်ဆက်မှုတွေကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့အတွက် ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး အဆက်မပြတ် ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ခဲ့ပါတယ်။ ဘေးဒဏ်သင့်တဲ့ ဒေသတစ်လျှောက်မှာ လမ်းတွေပြန်ပြင်တာ၊ အများသုံး အခြေခံအဆောက်အဦးတွေကို ပြန်လည်ပြုပြင်တာနဲ့ အခြေခံဝန်ဆောင်မှုတွေကို ပြန်ရရှိအောင် လုပ်ဆောင်တဲ့နေရာမှာ ဒေသခံတွေနဲ့အတူ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြပါတယ်။
ကုန်စည်စီးဆင်းမှုနဲ့ ဖောက်သည်တွေရဲ့ သွားလာမှုပေါ်မှာ နေ့စဉ်ဝင်ငွေ မှီခိုနေရတဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ လမ်းတွေပျက်စီးသွားတာက လုပ်ငန်းဆောင်တာတွေကိုပါ ရပ်တန့်သွားစေခဲ့ပါတယ်။
“ငလျင်လှုပ်ပြီးတော့ ဘယ်သူမှ သွားလာလို့မရတော့တာကြောင့် အရောင်းအဝယ်တွေ ကျသွားတာပါပဲ။” လို့ ဆိုင်ဖွင့်လာတာ အနှစ် ၃၀ ကျော်ပြီဖြစ်တဲ့ ဒေါ်ခင်စန်းလွင်က ပြောပြပါတယ်။
သွားလာရေး ပြန်ကောင်းလာတာနဲ့အမျှ စီးပွားရေးကလည်း ပြန်ကောင်းလာပါတယ်။ ကုန်ပစ္စည်းတွေ ပြန်လည် သယ်ယူပို့ဆာင်လို့ရလာသလို ဖောက်သည်တွေလည်း ပြန်လာကြပြီး နေ့စဉ်ဘဝတွေလည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာပါတယ်။ “အခုတော့ ကျွန်မရဲ့ လုပ်ငန်းလေး ပြန်ပြီး အသက်ဝင်လာပါပြီ။” လို့ သူမက ဆက်ပြောပါတယ်။
အဲဒီလို အခြေခံအဆောက်အဦးတွေကို ပြန်ပြင်တာဟာ သွားလာရရုံတင်မကဘဲ ဒေသတွင်း စီးပွားရေးကိုပါ ပြန်လည်ဦးမော့စေသလို ရပ်ရွာလူထုတွေ သူတို့မှီခိုနေရတဲ့ စနစ်တွေကိုလည်း ပြန်လည်ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ လိုအပ်ချက်တွေ အတော်များများ ကျန်နေသေးပေမဲ့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေက နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ အခြေအနေတွေကို ပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့ပြီး ပြည်သူတွေ သွားလာနိုင်၊ အလုပ်လုပ်နိုင်၊ တစ်ဦးနဲ့တစ်ဦး ပြန်လည်ချိတ်ဆက်နိုင်အောင် ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းအောင် လုပ်ဆောင်ပေးမှုနဲ့အတူ အိမ်ခြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ကလည်း အဓိက ဦးစားပေးတစ်ခု ဖြစ်ခဲ့ပါတယ်။ အိမ်ခြေ စုစုပေါင်း ၂၄,၂၀၀ ခန့် ပျက်စီးသွားခဲ့ရာမှာ အခုအချိန်အထိ အိမ်ခြေ ၂,၅၀၀ ခန့်ကို ပြန်လည်ပြင်ဆင်တာ ဒါမှမဟုတ် အသစ်ပြန်ဆောက်တာတွေ လုပ်ပေးနိုင်ခဲ့ပါပြီ။ အဲဒီထဲမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ ပံ့ပိုးမှုနဲ့ အိမ်ခြေ ၂,၀၀၀ နီးပါး ပါဝင်ပြီး လူပေါင်း ၈,၂၀၀ ကျော်အတွက် အကျိုးကျေးဇူး ရှိခဲ့ပါတယ်။ နောက်ထပ် အိမ်ခြေပေါင်း ၉,၅၀၀ အထိ တိုးချဲ့ကူညီပေးသွားဖို့ စီစဉ်ထားပါတယ်။
ရပ်ရွာလူထုတွေနဲ့အတူ တည်ဆောက်ခြင်း
နေရာတော်တော်များများမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို အကျိုးခံစားခွင့်ရမယ့် ပြည်သူလူထုတွေကိုယ်တိုင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်၊ သာလေးဦးအင်းရွာမှာ အသက် ၃၄ နှစ်အရွယ် မမွန်မွန်ဦးကို ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဖို့ ရွာကနေ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ သူမဟာ အလုပ်သမားတွေကို ကြီးကြပ်တာ၊ ပစ္စည်းကိရိယာတွေ စီမံခန့်ခွဲတာနဲ့ လုပ်ခလစာ ပေးချေတာတွေကို တာဝန်ယူရပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ရဲ့ အဓိက အခန်းကဏ္ဍက တာဝန်ယူရသူ ဖြစ်ပါတယ်။
“လမ်းတွေကောင်းမှ ကျွန်မတို့ဒေသ ဖွံ့ဖြိုးတိုးတက်နိုင်မှာပါ။” လို့ သူမက ပြောပါတယ်။
လမ်းခင်းပြီးသွားကတည်းက မိုးတွင်းမှာတောင် သွားလာရတာ ပိုလွယ်ကူလာပါတယ်။ ဝန်ဆောင်မှုတွေဆီ သွားရောက်ဖို့ ပိုအဆင်ပြေလာသလို ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေလည်း စတင် ပြန်လည်ပတ်လာနေပါပြီ။
တစ်ချိန်တည်းမှာပဲ ဒီလုပ်ငန်းက လက်ငင်း အလုပ်ထက်မကတဲ့ အခွင့်အလမ်းတွေကိုပါ ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ တချို့အတွက်တော့ နောင်တစ်ချိန်မှာ အသုံးချလို့ရမယ့် လက်တွေ့ကျတဲ့ ကျွမ်းကျင်မှုတွေကိုပါ ရရှိခဲ့ပါတယ်။
ဒီလို လူထုအခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်းတော်တော်များများကို အသက်မွေးဝမ်းကျောင်းအခြေပြု ပဏာမခြေလှမ်းတွေကနေတစ်ဆင့် ပံ့ပိုးပေးထားရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေလည်း ပါဝင်ပြီး၊ ဒေသခံအလုပ်သမားတွေအနေနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ တိုက်ရိုက်ပါဝင်ရင်း ကျွမ်းကျင်မှုတွေ ရရှိလာစေပါတယ်။
အသက် ၂၀ အရွယ် မောင်တင့်ဇင်လို လူငယ်အလုပ်သမားတွေဆိုရင် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုသင်တန်းတွေကနေရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဆက်လက်လုပ်ကိုင်ဖို့ စိတ်ဝင်စားလာကြပါတယ်။
ဘေးဒဏ်သင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေက ဆုံးဖြတ်ချက်ချမှတ်တဲ့ ပုံစံတွေကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ အရင်ကထက် ပိုပြီး ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်နိုင်တဲ့ ပုံစံမျိုး ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ လူအများရှေ့မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး အသံပေါင်းစုံကို နားထောင်လာကြတာပါ။
ရှမ်းပြည်နယ်က လူထုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းအောင်လှိုင်က အခုဆိုရင် ရွာထဲက အစုအဖွဲ့အသီးသီးရဲ့ အကြံဉာဏ်တွေကို ရယူပြီးမှ ဆုံးဖြတ်ချက်ချကြတယ်လို့ ရှင်းပြပါတယ်။ မန္တလေးတိုင်းမှာလည်း အလားတူပုံစံမျိုးတွေ ရှိလာပြီး အမျိုးသမီးတွေနဲ့ လူငယ်တွေဟာ တိုင်ပင်ဆွေးနွေးတာနဲ့ စီမံကိန်းချမှတ်တဲ့ နေရာတွေမှာ ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာကြပါတယ်။ ဘေးဒဏ်သင့်တဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စီမံနိုင်၊ ဦးဆောင်နိုင်အောင် ဒေသခံလူထု အဖွဲ့အစည်းတွေကို စုစည်းပေးတာနဲ့ အားကောင်းလာအောင် လုပ်ဆောင်ပေးတာတွေ ရှိခဲ့ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် UNDP ဟာ အဲဒီလို လူထုအခြေပြု အဖွဲ့အစည်းပေါင်း ၂,၅၀၀ ခန့်ကို ကူညီပံ့ပိုးပေးခဲ့ပြီး၊ ဒေသခံတွေ ကိုယ်တိုင်ဦးဆောင်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသလဲဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်မှာ ယုံကြည်မှုက အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်လာပါတယ်။
အချို့လူမှုအသိုင်းအဝိုင်းတွေမှာဆိုရင် လုပ်ငန်းတိုးတက်မှုကို ဒေသခံတွေကိုယ်တိုင် တိုက်ရိုက်စစ်ဆေးကြပါတယ်။ စာရင်းဇယားတွေ စစ်ဆေးတာ၊ ဆောက်လုပ်ရေးအခြေအနေကို ကြည့်ရှုတာနဲ့ စီမံကိန်းအတိုင်း ဖြစ်၊ မဖြစ် အတည်ပြုတာမျိုးတွေ လုပ်ဆောင်ကြတာပါ။ ဒေါ်အေးအေးသန်းအတွက် ဒီလို ပွင့်လင်းမြင်သာမှုမျိုးက အသစ်အဆန်း ဖြစ်လို့နေပါတယ်။ လုပ်ငန်းတွေကို မြင်တွေ့ စစ်ဆေးခွင့်ရတာက ယုံကြည်မှုကို တိုးစေသလို တာဝန်မျှဝေယူမှုလည်း ပိုပြီး ခိုင်မာတယ်လို့ သူမက ဆိုပါတယ်။
လူအများကို စည်းလုံးစေတဲ့ ပြန်လည်ထူထောင်ရေး
အချို့နေရာတွေမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေက အချင်းချင်းဆက်သွယ်မှုပုံစံ အသစ်တွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ပြန်လည်တည်ဆောက်ရေးနဲ့ ကျွမ်းကျင်မှုမြှင့်တင်ရေး လုပ်ငန်းတွေမှာ နောက်ခံမတူညီတဲ့ သူတွေကို အတူတကွ ပူးပေါင်းလုပ်ကိုင်လာစေပါတယ်။
ရှမ်းပြည်နယ်ရှိ မတူညီတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေက အမျိုးသမီးတွေဟာ အတူတူ သင်ယူ၊ အတူတူ အလုပ်လုပ်ရင်း ကျွမ်းကျင်မှုတွေ မျှဝေပြီး အချင်းချင်း ပံ့ပိုးကူညီပေးခဲ့ကြပါတယ်။ သင်တန်းကနေ စတင်ခဲ့တဲ့ ဒီဆက်ဆံရေးဟာ တချို့ကိစ္စရပ်တွေမှာဆိုရင် အမျိုးသမီးတွေဟာ ဒေသတွင်းဈေးကွက်အတွက် ကုန်ပစ္စည်းတွေ ပူးပေါင်းထုတ်လုပ်ဖို့အထိ တိုးတက်လာခဲ့ပါတယ်။
မန္တလေးတိုင်းမှာလည်း ဘာသာရေးနောက်ခံ မတူညီသူတွေဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အတူလက်တွဲ လုပ်ကိုင်လာခဲ့ကြပါတယ်။ လုပ်ငန်းခွင်ကြီးကြပ်သူတစ်ဦး ပြောသလို လမ်းပြင်တာ၊ လမ်းခင်းတာနဲ့ အများအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ရင်းနဲ့ အဲဒီအလုပ်ဟာ မျှဝေခံစားရတဲ့ အတွေ့အကြုံတစ်ခု ဖြစ်သွားရတာပါ။ ဒီလို ထိတွေ့ဆက်ဆံမှုတွေဟာ တရားဝင်မဟုတ်ပေမဲ့ ပိုမိုကျယ်ပြန့်တဲ့ ချိတ်ဆက်မှုကို ဖြစ်စေပါတယ်။ ဒါဟာ အခြေခံအဆောက်အဦးတွေ ပြင်ဆင်တာလောက် မျက်စိနဲ့ တပ်အပ်မမြင်ရပေမဲ့ အင်မတန် အရေးကြီးတဲ့ ပြန်လည်ထူထောင်ရေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒေသခံတွေ ကိုယ်တိုင်ဦးဆောင်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကြောင့် လူမှုအသိုင်းအဝိုင်းကြားမှာ စည်းလုံးညီညွတ်မှု ပိုရှိလာသလို၊ တင်းမာမှုအန္တရာယ်တွေကိုလည်း လျော့နည်းစေတဲ့အပြင် အားလုံးအကျုံးဝင်တဲ့ ဒေသဖွံ့ဖြိုးရေးတွေကိုလည်း ပိုမိုအထောက်အကူ ဖြစ်စေပါတယ်။
ရှေ့ဆက်မယ့် ခရီးအတွက် အခြေခံကောင်းများ
ငလျင်လှုပ်ပြီး တစ်နှစ်အကြာမှာတော့ ပြန်လည်ထူထောင်ရေးရဲ့ အရိပ်အယောင်တွေကို ပိုပြီး သိသိသာသာ မြင်တွေ့လာရပါပြီ။ လမ်းတွေ ပြန်ပြင်ပြီးသွားပြီး၊ သွားလာရေးတွေ ပိုကောင်းလာသလို လှုပ်ရှားသွားလာရတာလည်း ပိုလွယ်ကူလာပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလဲမှုတွေရဲ့ သက်ရောက်မှုက မျက်စိနဲ့ မြင်ရတဲ့ အရာတွေထက်မက ပိုပြီးတော့ နက်ရှိုင်းပါတယ်။
ဒီပြောင်းလဲမှုတွေဟာ လူတွေ ဝန်ဆောင်မှုတွေကို ဘယ်လိုရယူမလဲ၊ စားဝတ်နေရေးအတွက် ဘယ်လို ရှာဖွေစားသောက်ကြမလဲဆိုတာနဲ့ အနာဂတ်အတွက် လူထုအချင်းချင်း ဘယ်လို စုစည်းကြမလဲဆိုတဲ့ ပုံစံတွေကိုပါ ဖော်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။
ဘေးဒဏ်သင့်ဒေသတွေမှာ အရေးပါတဲ့ အခြေခံအဆောက်အအုံ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာလည်း တိုးတက်မှုရှိနေပါတယ်။ ဒေသခံတွေအတွက် အများသုံးအဆောက်အအုံတွေ၊ ဆည်မြောင်းစနစ်တွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးနေတာပါ။ ယခုထိ အဆောက်အအုံပေါင်း ရာနဲ့ချီပြီး ပြန်လည်ပြုပြင်တာ ဒါမှမဟုတ် အသစ်တည်ဆောက်တာတွေ လုပ်ပေးနိုင်ခဲ့ပါပြီ။ ဒါကြောင့် လူပေါင်း ၄၆၆,၀၀၀ ကျော်အတွက် ဝန်ဆောင်မှုတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုကောင်းလာစေခဲ့သလို၊ လူပေါင်း ၂၀၀,၀၀၀ ကိုလည်း သောက်သုံးရေ ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ UNDP လိုမျိုး မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အဆက်မပြတ် ကူညီမှုတွေနဲ့အတူ ဒီလုပ်ငန်းတွေကို ရှေ့ဆက်ပြီး သိသိသာသာ တိုးချဲ့သွားဖို့ ရှိရာမှာ နောက်ထပ် အဆောက်အအုံပေါင်း ၁,၀၀၀ ကျော်ကို ပြန်ပြင်တာ ဒါမှမဟုတ် အသစ်ဆောက်ဖို့ စီစဉ်ထားပြီး၊ လူဦးရေ ၁.၃ သန်းခန့်ထိ အကျိုးကျေးဇူး ရရှိစေမှာ ဖြစ်ပါတယ်။ နေရာတော်တော်များများမှာတော့ ပြန်လည်တည်ဆောက်ထားတဲ့ အရာတွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် စနစ်တကျ ပြင်ဆင်ထားပြီးဖြစ်သလို ဒေသခံတွေကိုယ်တိုင်လည်း အဲဒီလုပ်ငန်းတွေကို စီမံခန့်ခွဲနေကြပါပြီ။
တဆက်တည်းမှာဘဲ အကူအညီတွေ အတော်များများ လိုအပ်နေပါသေးတယ်။
ရပ်ရွာလူထုအတော်များများမှာ သွားလာရေး၊ ဝန်ဆောင်မှုတွေနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်လို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ ဘေးဒဏ်သင့်ဒေသအားလုံးဆီကို ရောက်ရှိဖို့အတွက် စဉ်ဆက်မပြတ် ကူညီပေးဖို့ လိုအပ်ပါတယ်။ ရှေ့လာမယ့် နှစ်တွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဘယ်လောက်အထိ ခရီးရောက်မလဲဆိုတာဟာ အဆောက်အအုံတွေကို ဘယ်လောက် ပြန်ဆောက်နိုင်သလဲဆိုတာပေါ်မှာတင်သာမက ပြည်သူတွေ နေ့စဉ်အားကိုးအားထားပြုနေရတဲ့ စနစ်တွေနဲ့ သူတို့ကို ဘယ်လောက်အထိ ပြန်လည်ချိတ်ဆက်ပေးနိုင်မလဲ ဆိုတာပေါ်မှာလည်း မူတည်နေပါတယ်။
ဤဆောင်းပါးကို မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီများ၊ စိုက်ပျိုးရေးဆိုင်ရာ ရင်းမြစ်များ၊ ငွေကြေးထောက်ပံ့မှုများ၊ သင်တန်းများနှင့် အခြေခံလိုအပ်သော ဝန်ဆောင်မှုများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော မြေပြင် အချက်အလက်များနှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်ပါသည်။