ပြန်လည်ထူထောင်ရေးမှ မမြင်ရသော ဒဏ်ရာဒဏ်ချက်များနှင့် ကုစားရေးလမ်း
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
မြန်မာနိုင်ငံမှာ ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီး အဆောက်အအုံတွေ ဘယ်လောက် ပြန်ဆောက်နိုင်ခဲ့ပြီလဲဆိုတာတွေထက်၊ လူတွေ သူတို့ရဲ့ နေ့စဉ်ဘဝထဲကို ပုံမှန်အတိုင်း ပြန်ဝင်ဆံ့နိုင်ပြီလား ဆိုတာတွေနဲ့ တိုင်းတာပါတယ်။ လူတော်တော်များများဟာ ဘေးဒုက္ခတွေကြောင့် ရလာတဲ့ စိတ်ဒဏ်ရာတွေကို ယခုတိုင် ခံစားနေရဆဲဖြစ်ပါတယ်။ အိပ်စက်မရအောင် ကြောက်နေတာ၊ သွားလာဖို့ စိုးရိမ်နေတာနဲ့ ဆုံးရှုံးမှုတွေကြောင့် ဆုံးဖြတ်ချက်မချရဲတာမျိုးတွေ ဖြစ်နေကြတာပါ။ ဒါ့ကြောင့် စိတ်ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အားပေးကူညီမှုတွေဟာ ပြန်လည်ထူထောင်ရေးအတွက် တကယ့်ကို လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒါမှသာ လူတွေဟာ စိတ်ဓာတ်ပြန်ခိုင်မာလာမယ်၊ တခြားသူတွေနဲ့ ပြန်ပြီး ထိတွေ့ဆက်ဆံလာနိုင်မယ်၊ ပြီးတော့ သူတို့ဘဝတွေကို ပြန်ထူထောင်လာနိုင်ကြမှာ ဖြစ်ပါတယ်။
မန္တလေးက စကားဝိုင်းလေးတစ်ခုမှာ ဒေါ်ခိုင်ကို သူမရဲ့မျက်နှာပုံလေး ဆွဲခိုင်းပါတယ်။ ပြီးတော့ အဲဒီစာရွက်လေးကို လုံးချေခိုင်းပါတယ်။ နောက် ဖြည်းဖြည်းချင်း ပြန်ဖြန့်ခိုင်းခဲ့ပါတယ်။
စာရွက်ပေါ်မှာ ခေါက်ကျိုးရာတွေ ထင်ကျန်ခဲ့ပေမဲ့ သူမရဲ့မျက်နှာပုံလေးကတော့ ပျက်မသွားဘဲ ရှိနေဆဲ။ "ကျွန်မ ရင်ထဲမှာ ဘယ်လောက်တောင် မျိုသိပ်ထားနေခဲ့လဲဆိုတာကို အဲဒီတော့မှ သတိထားမိတော့တယ်" လို့ ဒေါ်ခိုင်က ပြောပြပါတယ်။
ပြီးခဲ့တဲ့နှစ်က ငလျင်လှုပ်တော့ ဒေါ်ခိုင်ရဲ့ သစ်သားအိမ်လေး ပြိုကျသွားချိန်မှာ သူမ ထွက် ပြေးခဲ့ရပါတယ်။ သူမ ဘေးကင်းခဲ့ပါတယ်။ ဒါပေမဲ့ လှုပ်ခတ်တာရပ်တန့်သွားပြီး အချိန်အတော်ကြာတဲ့တိုင် ကြောက်စိတ်တွေက ကျန်ရှိနေခဲ့ပါတယ်။ "ကျွန်မ အိပ်လို့မရဘူး၊ စိတ်ထဲမှာ အဲဒီအချိန်က မြင်ကွင်းတွေပဲ ခဏခဏ ပြန်ပေါ်လာနေတာ" လို့ သူမက ဆိုပါတယ်။
မြန်မာပြည်အလယ်ပိုင်းက လူအတော်များများအတွက် ပြန်လည်ထူထောင်ရေးဆိုတာ ပျက်စီးသွားတာတွေကို ပြန်ပြုပြင်ရုံတင် မဟုတ်ပါဘူး။ မျက်မြင်မတွေ့နိုင်တဲ့ စိတ်ဒဏ်ရာတွေနဲ့ ဘယ်လို ရှင်သန်နေထိုင်ရမလဲကိုလည်း ဆိုလိုပါတယ်။ ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) နဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းမှ စီမံခန့်ခွဲသော ရန်ပုံငွေအဖွဲ့များ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများရဲ့ ပံ့ပိုးမှုတွေနဲ့ ပြုလုပ်တဲ့ ယခုကဲ့သို့ ဆွေးနွေးမှုအစီအစဉ်တွေဟာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ၎င်းတို့ ကြုံတွေ့ခဲ့ရတာတွေကို စတင်ကုစားနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့ပါတယ်။
ပြန်လည်ထူထောင်ရေးဆိုတာ ရုပ်ပိုင်းဆိုင်ရာတင် မဟုတ်တော့တဲ့အခါ
ငလျင်ဒဏ်ကြောင့် တော်တော်လေး ပျက်စီးသွားခဲ့တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဘက်မှာ စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်ချက်ဟာ အချိန်ကြာလာတာနဲ့အမျှ လျော့မသွားဘဲ ပိုတောင်များလာခဲ့ပါတယ်။
ဒါပေမဲ့ ရပ်ရွာအတော်များများမှာ စိတ်ကျန်းမာရေးအကြောင်း ထုတ်ပြောဖို့က သိပ်တော့မလွယ်လှပါဘူး။ စိတ်ဆင်းရဲစရာတွေကို ကိုယ်ရေးအဖြစ် မိသားစုအတွင်းမှာပဲ ဆွေးနွေးတာမျိုး ဒါမှမဟုတ် ဘယ်သူ့ကိုမှ မပြောတာမျိုးတွေ ရှိတတ်ကြပါတယ်။ တချို့အတွက်ကျတော့လည်း အကူအညီတောင်းရမှာကို မရင်းနှီးသလို ခံစားတတ်ကြပါတယ်။
"ငလျင်လှုပ်ခဲ့တာ တစ်နှစ်ရှိပြီ၊ ဒါပေမဲ့ အခုမှပဲ အကူအညီလာတောင်းတဲ့သူတွေ ပိုများလာတယ်" လို့ ထိခိုက်ခံစားခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း ဒေါ်စုစုက ပြောပါတယ်။ "အခုချိန်ထိတောင် လူတွေရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတာကို တွေ့နေရတယ်။"
နောက်ဆက်တွဲ ငလျင်လေးတွေ ထပ်လှုပ်တိုင်း အရင်က ကြုံခဲ့ရတဲ့ ဘေးအန္တရာယ်တွေကို ပြန်သတိရစေပါတယ်။ တချို့မှာ မြေပြင်က တကယ်တမ်း ငြိမ်နေပေမဲ့ သူတို့စိတ်ထဲမှာတော့ မငြိမ်တော့သလို ခံစားနေကြရပါတယ်။
"လူတွေ ကျွန်မတို့ဆီ လာတဲ့အခါ သူတို့ စိတ်လုံခြုံမှုရှိတယ်လို့ ခံစားရအောင် အရင်ဆုံး ကြိုးစားပေးပါတယ်။ သူတို့ အကူအညီ ထပ်လိုအပ်ရင်တော့ နှစ်သိမ့်ဆွေးနွေးပေးတာမျိုး ဒါမှမဟုတ် ပိုပြီးကျွမ်းကျင်တဲ့ ကုသမှုတွေရအောင် လွှဲပြောင်းပေးတာမျိုးတွေ လုပ်ပေးပါတယ်" လို့ သူမက ပြောပြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ ထိခိုက်ခံစားရတဲ့ လူမှုအသိုက်အဝန်းတွေဆီမှာ ဒီလို စိတ်ကျန်းမာရေးစောင့်ရှောက်မှုတွေကို အရင်ကထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြန်လည်ထူထောင်ရေးဆိုတာ စိတ်ဒဏ်ရာတစ်ခုတည်းကို ကုစားတာ မဟုတ်ပါဘူးလို့ သူမက ရှင်းပြပါတယ်။
ဘေးအန္တရာယ်တွေအလွန်မှာ စားနပ်ရိက္ခာ၊ ခိုလှုံစရာနဲ့ အလုပ်အကိုင် အကူအညီတွေထက် စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေက ထင်သာမြင်သာ မရှိတတ်ပါဘူး။ ဒါပေမဲ့ ဒီစိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေက တကယ် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလိုစောင့်ရှောက်မှုတွေ မရှိရင် လူတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝထဲ ပြန်ဝင်ဖို့၊ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဒါမှမဟုတ် မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်ဖို့အတွက် တော်တော်လေး ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေနဲ့ ဝမ်းနည်းမှုတွေက ဆုံးဖြတ်ချက်တွေအပေါ် မသိမသာ လွှမ်းမိုးသွားနိုင်သလို၊ သွားလာလှုပ်ရှားရမှာကို ကြောက်ရွံ့စေပြီး နောက်ဆုံးမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပြန်ထူထောင်ဖို့တောင် ခက်ခဲသွားစေနိုင်ပါတယ်။
စီးပွားရေး ကျပ်တည်းနေတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာဆိုရင် ဒီလိုဖိအားတွေက သာလို့တောင် ဆိုးပါသေးတယ်။ မိသားစုတွေက ပျက်စီးသွားတဲ့အိမ်ကို ပြင်ဖို့၊ စားဖို့သောက်ဖို့ ရှာဖွေဖို့နဲ့ ဝင်ငွေပြန်ရဖို့တွေအတွက်ပဲ အာရုံစိုက်နေရတဲ့အခါ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ ဘေးဖယ်ထားတတ်ပါတယ်။ တကယ်တော့ အဲဒီလို ရုန်းကန်နေရတဲ့ ဖိအားတွေကြောင့်ပဲ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတွေက ပိုပိုပြီးတော့ များလာနေတာပါ။
အဲဒီလိုမျိုး အကူအညီတွေကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဒေသခံ စေတနာ့ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ သူတို့ဟာ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ ပြီးသွားတာတောင်မှ ထိခိုက်ခံစားရတဲ့ ဒေသတွေမှာ ဆက်ရှိနေပြီး ကူညီပေးနေကြတာပါ။ အချိန်ကြာလာတာနဲ့အမျှ အရေးပေါ်အကူအညီထက် ရေရှည်ပြန်လည်ထူထောင်ရေးက ပိုအရေးကြီးလာတာချိန်မှာ သူတို့ရဲ့အခန်းကဏ္ဍကလည်း ပိုပြီး အရေးပါလာပါတယ်။ ရပ်ရွာတော်တော်များများအတွက် စိတ်ဓာတ်ပြန်ခိုင်မာလာစေဖို့နဲ့ ဘဝတွေကို ဆက်ပြီး ပြန်လည်တည်ဆောက်ဖို့အတွက် အမြဲတမ်း ရယူနိုင်တဲ့ တစ်ခုတည်းသော ဝန်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။
နေ့စဥ်ဘဝ ရှင်သန်ရပ်တည်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဟန်ချက်ညီအောင်လုပ်ဆောင်ခြင်း
စီးပွားရေး ကျပ်တည်းနေတဲ့ မိသားစုတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးဟာ နေ့စဉ် ဘဝရှင်သန်ရပ်တည်ရေးနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ မန္တလေးက မိခင်တစ်ဦးဖြစ်တဲ့ မအိအိ*ဟာ မိသားစုကို လုပ်ကျွေးဖို့ နေ့တိုင်း ရုန်းကန်နေရသူပါ။ ငလျင်ကြောင့် သူမအိမ်လေး ပြိုကျသွားကတည်းက အခက်အခဲတွေက ပိုတောင် များလာခဲ့ပါတယ်။
မိုးတွင်းဆိုရင် အိမ်ခေါင်မိုးကနေ မိုးယိုတယ်။ သူမတတ်နိုင်သမျှနဲ့ ဖြည်းဖြည်းချင်းပဲ ပြင်ရတယ်။ တစ်ဖက်မှာလည်း ဝင်ငွေရှာရင်းနဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ ကြိုးပမ်းနေခဲ့ရပါတယ်။
"ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့နေရာ (Child Safe Space) ရှိနေတာက ကလေးတွေရော၊ ကျွန်မအတွက်ပါ တကယ်ကို အထောက်အကူဖြစ်စေပါတယ်။” လို့ သူမက ပြောပါတယ်။ "ကျွန်မ အလုပ်လုပ်နေချိန်မှာ ကလေးတွေက ဘေးကင်းတဲ့နေရာမှာ သူငယ်ချင်းတွေနဲ့အတူ ပညာသင်ကြားရင်း အချိန်ကုန်ဆုံးနိုင်ကြတယ်လေ။" အဲဒီအကူအညီမျိုး မရှိရင် မအိအိအတွက် အလုပ်ကို ပုံမှန်လုပ်နိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ရဲ့ ပံ့ပိုးမှုတွေ၊ ယူနီဆက်ရဲ့ ကလေးသူငယ် အပန်းဖြေကစားစရာ အထောက်အကူပြုပစ္စည်း (Recreation kits) တွေနဲ့အတူ အခုလို ကလေးသူငယ်တွေအတွက် ဖော်ရွေတဲ့ ဝန်းကျင်လေးတွေကို ဖန်တီးပေးထားပါတယ်။ ဒီနေရာလေးတွေဟာ ကလေးငယ်တွေအတွက် စနစ်တကျနဲ့ သင်ယူနိုင်ဖို့၊ ဆော့ကစားနိုင်ဖို့နဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ပြန်လည်ကောင်းမွန်လာစေဖို့အတွက် အဓိက အထောက်အကူပြုပေးနေတာပဲ ဖြစ်ပါတယ်။
သူမအတွက်တော့ ဒီအကူအညီက စိတ်လှုပ်ရှားစေသလို လက်တွေ့အသုံးကျပါတယ်။ သူမရဲ့ ရင်သွေးတွေ ဘေးကင်းတယ်ဆိုတာ သိနေတော့ သူမ စိတ်အေးအေးနဲ့ အလုပ်လုပ်လို့ရပါတယ်။ "ကလေးတွေက အဲဒီကို သွားရတာ ပျော်ကြတယ်။” လို့ သူမက ဆိုပါတယ်။ “မိခင်တစ်ယောက်အနေနဲ့ သူတို့လေးတွေ ဘေးကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိစေချင်တာပါ။"
ကလေးတွေအတွက် ပြန်လည်ထူထောင်ရေးဆိုတာ လူကြီးတွေနဲ့ မတူတဲ့ ပုံစံမျိုး ဖြစ်တတ်ပါတယ်။
အဲဒီလို နေရာတွေမှာ ပံ့ပိုးမှုတွေက ကြီးကြပ်စီမံပေးရုံတင် မဟုတ်ပါဘူး။ စနစ်တကျ စီစဥ်ထားတဲ့ လှုပ်ရှားမှုတွေ၊ ပုံဆွဲတာတွေနဲ့ ကစားတာတွေကတစ်ဆင့် ကလေးတွေဟာ စကားနဲ့ ရှင်းပြလို့မရတဲ့ သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြခွင့်ရကြပါတယ်။ စာရွက်တွေပေါ်က ပြိုကျနေတဲ့ အိမ်ပုံတွေနဲ့ မှောင်မည်းနေတဲ့ ပုံရိပ်တွေဟာ သူတို့မှတ်ဉာဏ်ထဲက အစအနတွေကို မြင်သာအောင် ချရေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီပုံတွေကို ကြည့်ပြီး အဓိပ္ပာယ်ဖော်ဖို့ မလွယ်ပေမဲ့ ဒါဟာ ကလေးတွေအတွက် သူတို့ရဲ့ ကြောက်စိတ်တွေကို ဖြေဖျောက်ဖို့၊ ပုံမှန်ဘဝကို ပြန်ရဖို့နဲ့ ဖြစ်ပျက်ခဲ့တာတွေကို နားလည်လက်ခံနိုင်ဖို့အတွက် အစပျိုးပေးလိုက်တာပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၊ ကုလသမဂ္ဂ စီမံခန့်ခွဲတဲ့ ရန်ပုံငွေအစီအစဉ်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုနဲ့အတူ အလားတူဆောင်ရွက်ချက်တွေဟာ ကလေးငယ်တွေအတွက် သူတို့ရဲ့ ခံစားချက်နဲ့ အတွေ့အကြုံတွေကို ဘေးကင်းပြီး စနစ်တကျရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဖော်ထုတ်ကုစားနိုင်ဖို့ ကူညီပေးနေပါတယ်။
တဆင့်ပြီးတဆင့် ကိုယ့်အားကိုယ်ကိုးနိုင်လာခြင်း
ပြန်လည်ထူထောင်ရေးဆိုတာ ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။ အလုပ်ခွင်နဲ့ နေ့စဉ်ဘဝထဲ ပြန်ဝင်နိုင်ဖို့ကနေ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပြောင်းလဲသွားတဲ့ အခြေအနေသစ်တွေနဲ့ အသားကျအောင် နေထိုင်တာမျိုးထိ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းက ဦးစိန်ဟာ ငလျင်လှုပ်တုန်းက သူခိုလှုံနေတဲ့ အဆောက်အအုံ ပြိုကျလို့ သူ့ရဲ့ ညာဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။ လယ်သမားတစ်ယောက်ဖြစ်ပြီး မိသားစုကို ဦးဆောင်နေသူတစ်ဦးအတွက် ဒီဆုံးရှုံးမှုက နေ့စဉ်ဘဝရဲ့ ကဏ္ဍတိုင်းကို ထိခိုက်စေခဲ့ပါတယ်။ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကူညီပံ့ပိုးမှုတွေကြောင့် သူဟာ လက်တုတစ်ခု ရရှိခဲ့ပါတယ်။
"အခုတော့ လက်မရှိတော့တာကို မရှက်တော့ပါဘူး" လို့ သူက ဆိုပါတယ်။ "အရင်ကတော့ အဲဒါကို အမြဲတမ်း ဖုံးကွယ်ထားဖို့ပဲ ကြိုးစားခဲ့တာပါ။"
အဲဒီအပြောင်းအလဲက သူ့ကို နေ့စဉ်အလုပ်တွေ ပြန်လုပ်နိုင်စေပြီး မိသားစုကိုလည်း ဆက်ပြီး ထောက်ပံ့နိုင်စေခဲ့ပါတယ်။ သူ့အတွက်တော့ ပြန်လည်ထူထောင်ရေးဆိုတာ အလုပ်ပြန်လုပ်နိုင်ဖို့ပါပဲ။ ဒါပေမဲ့ အဲဒီထက် အရေးကြီးတာကတော့ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြန်ရလိုက်တာဖြစ်ပါတယ်။
ထိခိုက်ခဲ့တဲ့ ဒေသတွေမှာ ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုတွေ၊ အထောက်အကူပြု ပစ္စည်းတွေ ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းကနေတစ်ဆင့် စောင့်ရှောက်တာမျိုးတွေကနေတဆင့်ဖြစ်ဖြစ် အဲဒီလို အကူအညီတွေက လူတွေကို ပြန်ပြီး သွားလာလှုပ်ရှားနိုင်အောင်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အသက် ၇၀ အရွယ် ဒေါ်အေးအေး*ဟာ ထိခိုက်ဒဏ်ရာရပြီးနောက် ဝှီးချဲ (Wheelchair) တစ်စီး ရလိုက်တာက ပြန်ပြီး သွားလာနိုင်ခဲ့ပါတယ်။
"အရင်ကဆိုရင် ကျွန်မ ဈေးသွားနိုင်တယ်၊ မိသားစုကိုလည်း ကူညီနိုင်ခဲ့တာပေါ့။” လို့ သူမက ပြောပြပါတယ်။ “အခုတော့ ခက်ခဲသွားပြီ။ ဒါပေမဲ့ ဝှီးချဲရှိတော့ သွားချင်တဲ့နေရာ သွားလို့ရတယ်၊ အိမ်နီးနားချင်းတွေဆီလည်း သွားလည်လို့ရတယ်။ ဒါက ကျွန်မကို ပိုပြီး အသက်ဝင်လာအောင် လုပ်ပေးတယ်။"
ဒီအတွေ့အကြုံတွေအားလုံးကို ကြည့်ရင် ပြန်လည်ထူထောင်ရေးဆိုတာ နေအိမ်တွေ ပြန်ဆောက်တာ၊ ဝင်ငွေပြန်ရှာတာတင် မဟုတ်ဘဲ အဲဒီနှစ်မျိုးလုံး ဖြစ်မြောက်လာဖို့အတွက် လိုအပ်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ပြန်လည်ရရှိဖို့လည်း ဖြစ်ပါတယ်။
"ဖြစ်ပျက်ခဲ့တာတွေကတော့ ဖြစ်ပြီးသွားပြီ" လို့ ဒေါ်ခိုင်က ဆိုပါတယ်။ "အခုတော့ ရှေ့ဆက် ရှင်သန်ဖို့ကိုပဲ အာရုံစိုက်ရမယ်။"
သူမဟာ လုံးချေခဲ့ပြီးမှ ပြန်ဖြန့်ခဲ့တဲ့ စာရွက်ကလေးအကြောင်းကို တွေးနေဆဲပါ။ ခေါက်ကျိုးရာတွေကတော့ ကျန်နေဆဲပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အဲဒီအရာတွေကို လွယ်ထားရတာ ပိုလွယ်လာပြီလို့ သူမက ဆိုပါတယ်။
*အင်တာဗျူးဖြေဆိုသူများ၏ ကိုယ်ရေးအချက်အလက်လုံခြုံစေရန် အမည်လွှဲများအသုံးပြုထားပါသည်။"
ဤဆောင်းပါးကို မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီများ၊ စိုက်ပျိုးရေးဆိုင်ရာ ရင်းမြစ်များ၊ ငွေကြေးထောက်ပံ့မှုများ၊ သင်တန်းများနှင့် အခြေခံလိုအပ်သော ဝန်ဆောင်မှုများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော မြေပြင် အချက်အလက်များနှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်ပါသည်။