၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ — မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေး များ အားလုံး အတွက် အခွင့်အရေး၊ တရားမျှတမှုနှင့် လက်တွေ့ကြိုးပမ်းဆောင်ရွက်မှု
၂၀၂၆ ခုနှစ် မတ်လ ၀၆ ရက်။
ရန်ကုန် - အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခါသမယသည် မြန်မာနိုင်ငံတွင် ကြီးမားသည့် စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရသည့် အချိန်အခါ၌ ကျရောက်လာပြီ ဖြစ်ပါသည်။ အမျိုးသမီးများ၏ အခွင့်အရေးဟူသည် ငြိမ်းချမ်းသည့်ကာလများတွင်သာ ခံစားခွင့်ရှိသည့် အထူးအခွင့်အရေးများမဟုတ်ဘဲ လူသားများအားလုံးအတွက် အကျုံးဝင်သည့်၊ ဖယ်ရှား၍ မရနိုင်သော အစဉ်အမြဲ လေးစားထိန်းသိမ်းရမည့် အခြေခံ လူ့အခွင့်အရေး များ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးကို ကာကွယ် ထိန်းသိမ်းရန်နှင့် ထိုအခွင့်အရေးများ အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သည့် ရင်းမြစ်များ ပံ့ပိုးပေး ရန်မှာ ချက်ခြင်း ဆောင်ရွက်ရမည့် အရေးကြီး တာဝန်တစ်ရပ်ဖြစ်ပါသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ပဋိပက္ခများ ပိုမို ပြင်းထန်လာပြီး နေရပ်စွန့်ခွါတိမ်းရှောင်ရသူများ တိုးပွားလာလျက် ရှိကာ အခြေခံလိုအပ်သည့် စနစ်များ ပြိုလဲနေသည့်အခြေအနေတွင် အမျိုးသမီးများအား မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများ၏ ရှင်သန်ရပ်တည်ရေး အတွက် ဦးဆောင်မှုနှင့် တာဝန်ယူမှု အခန်းကဏ္ဍများသို့ တွန်းပို့ခံရခြင်းများ ပိုမိုများပြားလာနေပါသည်။ အမျိုးသမီးများသည် ထူးခြားသည့် သန်မာမှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသနေကြသော်လည်း ယင်းသို့ ကြံ့ကြံ့ခံနိုင်စွမ်းရှိကြောင်းပြနိုင်ခြင်းသည် အမျိုးသမီးများအတွက် ကာကွယ်စောင့်ရှောက်မှု၊ တရားမျှတမှုနှင့် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ခွင့် ရှိနေသည်ဟု အဓိပ္ပါယ်ကောက်ယူ၍ မရနိုင်ပါ။
ကျန်းမာရေး ဝန်ဆောင်မှုများ ပျက်ယွင်းသွားသည့်အခါ အမျိုးသမီးများသည် အထောက်အပံ့တစ်စုံတစ်ရာ မရရှိသည့် ပြုစုစောင့်ရှောက်သူများ ဖြစ်လာကြပါသည်။ ကျောင်းများ ပိတ်သွား၍သော်လည်းကောင်း၊ မိသားစုများမှ ပညာသင်စရိတ် ပံ့ပိုးပေးရန် မတတ်နိုင်တော့၍သော်လည်းကောင်း ပညာသင်ယူခွင့် ဆုံးရှုံးကြရသူ အများစုမှာ မိန်းကလေးများသာ ဖြစ်လေ့ရှိကြသဖြင့် မိခင်များမှာလည်း အဆိုပါ မိန်းကလေးများအား ပြုစုစောင့်ရှောက်ရသည့် တာဝန်များကို ထပ်ဆင့် ထမ်းဆောင်နေကြရပြန်ပါသည်။ စားနပ်ရိက္ခာ ရှားပါးလာသည့် အခါတွင် အမျိုးသမီးများသည် အခြားသူများအား ကျွေးမွေးနိုင်ရန်အတွက် မိမိတို့စားသုံးသည့် ပမာဏကို လျှော့ချစားသုံးလေ့ ရှိကြပါသည်။ အမျိုးသားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ဆောင်ခံရခြင်း သို့မဟုတ် နေအိမ်သို့ပြန်မလာနိုင်ခြင်းတို့ကြုံတွေ့ရ သည့် အခါ အမျိုးသမီးများအနေဖြင့် ကလေးငယ်များ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်၊ မိသားစုဘဝကို ဆက်လက် ထိန်းသိမ်းထားရန်နှင့် ဝင်ငွေရှာဖွေရန် စသည့် တာဝန်များအား ယူထားကြရပြီး တပြိုင်နက်တည်းမှာပင် ပြိုကွဲပျက်စီးမှုများကြားမှ ပြန်လည် ရုန်းထနိုင်ရန် ကြိုးပမ်းတည်ဆောက်နေကြရ ပါသည်။
အမျိုးသမီးများနှင့် မိန်းကလေးများအနေဖြင့် မိမိတို့နေအိမ်များအတွင်းတွင်၊ နေရပ်စွန့်ခွါ တိမ်းရှောင်ရသည့် နေရာများတွင်၊ စားနပ်ရိက္ခာ၊ ရေနှင့် မီးဖိုချောင်သုံး လောင်စာများ စုဆောင်းရန်ကဲ့သို့ နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကြမ်းဖက်မှုခံရနိုင်ခြေ အန္တရာယ်များ မြင့်တက် လာလျက်ရှိသည့်အပြင် ဘေးကင်း လုံခြုံမှုမရှိခြင်းနှင့် မိုင်း (သို့) ဗုံး ပေါက်ကွဲမှု ကြုံရနိုင်ခြေ ရှိခြင်းကြောင့် ထပ်ဆင့်အန္တရာယ်များ ပိုမို များပြားစေ လျက်ရှိနေပါသည်။ လူမျိုး၊ မသန်စွမ်းမှု၊ အသက် (သို့) အခြား ကိုယ်ပိုင်ဖြစ်တည်မှု များကြောင့် မူလကတည်းက လူမှုအသိုင်းအဝိုင်းများအတွင်း ဖယ်ကျဉ်ခံထားရသည့် အမျိုးသမီးများအနေဖြင့် အဆိုပါဖိအားများကို ပိုမို ပြင်းထန်ဆိုးရွားစွာ ခံစားကြရပါသည်။ မိသားစုနှင့် လူမှုအသိုင်းအဝိုင်း၏ အထောက်အပံ့များမှ ကင်းကွာလျက် နေရပ်စွန့်ခွါတိမ်းရှောင်နေရသည့် အမျိုးသမီးများအတွက် ကလေးပြုစုစောင့်ရှောက်ရေး၊ အသက်မွေး ဝမ်းကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲများမှာလည်း ပိုမိုကြီးမားလာပါသည်။ ယင်းမှာ အမျိုးသမီးများ၏ သတ္တိ နှင့် ကြံ့ကြံ့ခံနိုင်စွမ်းရည် ဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့အတွက် တရားမျှတမှု မဟုတ်ပါ။
ပဋိပက္ခ၊ နေရပ်စွန့်ခွါ တိမ်းရှောင်ရခြင်း၊ စီးပွားရေးမဖူလုံခြင်းနှင့် အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်လာသော စုပေါင်း ဖိအားများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးကို ထိခိုက်စေပါသည်။ အမျိုးသမီး များနှင့် မိန်းကလေးများသည် အများအားဖြင့် စိတ်ကျန်းမာရေးနှင့် စိတ်လူမှု ပံ့ပိုးမှုများအား လက်လှမ်းမှီ ရရှိခြင်း အလျဉ်းမရှိဘဲ မမြင်သာသည့် စိတ်ဒဏ်ရာများ၊ ပူဆွေးသောကများနှင့် ရေရှည်စိတ်ဖိစီးမှုများကို ထမ်းပိုးနေကြရပါသည်။
အမျိုးသမီးများ အားကိုးအားထားပြုနေရသည့် ကူညီပံ့ပိုးမှုစနစ်များမှာလည်း တစ်နှစ်ထက်တစ်နှစ် ပို၍ ပို၍ ကျဉ်းမြောင်းလာနေပါသည်။ ထိုသက်ရောက်မှုများသည် စိတ်ကူးထင်မြင်ချက်သက်သက်မျှ မဟုတ်ဘဲ အကြမ်းဖက်ခံရပြီး ကြိုးပမ်းရှင်သန်နေရသူများအတွက် ခိုလှုံရာနေရာများနှင့် ကျွမ်းကျင် သားဖွားဆရာမများ နည်းပါးလာခြင်း၊ ပြုစုကုသမှုမရသည့် ကျန်းမာရေးပြဿနာများ များပြားလာခြင်း၊ လူကုန်ကူးခြင်း နှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုများ မြင့်တက်လာခြင်းနှင့် မိန်းကလေးများ ကျောင်းပညာသင်နိုင်သည့် အခွင့်အလမ်းများ နည်းပါးလာခြင်းတို့ကို လက်တွေ့ ကြုံတွေ့ခံစားနေကြရခြင်း ဖြစ်ပါသည်။ မိသားစုများ အနေဖြင့် အခြားရွေးချယ်စရာမရှိသည့် အနေအထားတွင် ခက်ခဲသည့်ဆုံးဖြတ်ချက်များကို မဖြစ်မနေ ချမှတ်ရသည့်အခြေအနေသို့ တွန်းပို့ခံနေကြရပြီး ထိုအကျိုးဆက်များကို ခံစားနေကြသူ အများစုမှာ အမျိုးသမီး များနှင့် မိန်းကလေးများသာ ဖြစ်ကြပါသည်။ နှစ်ရှည်လများ ခွဲခြားဆက်ဆံခံနေရသူများ အပါအဝင် တိုင်းရင်းသား လူမျိုးစုပေါင်းစုံမှ အမျိုးသမီးများမှာ အဆိုပါ ဘေးဒုက္ခအန္တရာယ်များအား မတူညီသည့်ပုံစံ အမျိုးမျိုးဖြင့် ရင်ဆိုင်နေကြရပြီး မကြာခဏဆိုသလို ပိုမိုပြင်းထန်ဆိုးရွားသည့် ပုံစံများဖြင့်လည်း ထိခိုက်ခံစားနေကြရပါသည်။
ထိုသို့သော ဖိအားများ ပိုမို များပြားလာလျက်ရှိနေသော်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများသည် ဤအကြပ်အတည်းများအကြားမှ ဦးဆောင်နေကြဆဲ ဖြစ်ပါသည်။ တစ်စထက်တစ်စ ပိုမို ကျဉ်းမြောင်း လာနေသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလုပ်ကိုင်နိုင်သည့် ရပ်ဝန်း (Civic space) ၊ ပိုမိုများပြားလာသည့် ဖိအားများ၊ ထိန်းချုပ် စောင့်ကြည့်စစ်ဆေးမှုများနှင့် ဆိုးရွားသည့် ငွေကြေးဆိုင်ရာ အကန့်အသတ်များ ရှိနေသော်လည်း လက်လှမ်းမီ ရောက်ရှိရန်ကန့်သတ်ချက်များရှိနေသည့် ဒေသများတွင် အမျိုးသမီးများ ဦးဆောင် သည့် အဖွဲ့အစည်းများနှင့် ရပ်ရွာလူထု အခြေပြု အဖွဲ့အစည်းများသည် ကာကွယ်စောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ ညွှန်းပို့မှုများ နှင့် ပြုစုစောင့်ရှောက်မှုများပေးအပ်နေဆဲ ဖြစ်ပါသည်။ သာမာန်ထက်လွန်ကဲသည့် အတားအဆီးများရှိနေသော်လည်း၊ အမျိုးသမီးများသည် ယေဘုယျအားဖြင့် ၎င်းတို့အတွက် ရရှိနိုင်သည့် ကျဉ်းမြောင်းလာလျက်ရှိသော နိုင်ငံရေးရပ်ဝန်းအတွင်းမှပင် မိမိတို့၏ အခွင့်အရေးများ၊ ဦးစားပေး ဆောင်ရွက်ရမည့် တာဝန်များနှင့် မိမိတို့လူမှု အသိုင်းအဝိုင်း အတွက် ဆက်လက်တက်ကြွစွာ ရပ်တည်လျက် ထောက်ခံ အားပေး နေကြပါသည်။ ဤမဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုသည် အလွန့် အလွန် ထူးခြားသော်လည်း၊ ကြံ့ကြံ့ခံနိုင်စွမ်း ရှိခြင်းသည် တရားမျှတမှုမဟုတ်ပါ။
ကျား-မအခြေပြုအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ပေးခြင်းအား အသက်ကယ်ဆယ်ရေး အထောက်အကူ အဖြစ် အသိအမှတ်ပြုရမည်ဖြစ်ပြီး လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုများ၊ ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှု၊ အကြမ်းဖက်မှုမှလွတ်မြောက်ပြီး ကြိုးပမ်းရှင်သန်နေရသူများ ဗဟိုပြု ဝန်ဆောင်မှုများနှင့် အမျိုးသမီးများနှင့် မိန်းကလေးများအတွက် ဘေးကင်းလုံခြုံရာနေရာများ ရရှိစေရေး အတွက် လုံလောက်သည့် ရန်ပုံငွေ စဉ်ဆက်မပြတ်ပံ့ပိုးပေးခြင်း အပါအဝင် အကောင်အထည် ဖော် ဆောင်ရွက်ခြင်း လုပ်ဆောင်ရမည် ဖြစ်ပါသည်။ များပြားလာနေသည့် အန္တရာယ်များကြားတွင် တဖြည်းဖြည်း လျော့နည်းလာနေသည့် ရင်းမြစ်များဖြင့်သာ အကောင်အထည်ဖော်ဆောင်ရွက်နေရသည့် အမျိုးသမီး ဦးဆောင်သည့် အဖွဲ့အစည်းများနှင့် ရပ်ရွာလူထု အခြေပြုအဖွဲ့အစည်းများ အနေဖြင့် လူမှုအသိုင်းအဝိုင်းများကို တစ်စုတစ်စည်းတည်း စည်းရုံးထားနိုင်ရမည်ဟု တာဝန်ခံခိုင်းရန် မသင့်လျော်ပါ။ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်သော ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချနိုင်ခွင့် များအား အမျိုးသားများနှင့် လက်နက်ကိုင်တပ်ဖွဲ့များအတွက် သီးသန့်လုပ်ပိုင်ခွင့်အဖြစ် သတ်မှတ်ပေးအပ်ခြင်း မပြုသင့်ပါ။
အရေးပေါ် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် နှင့် ဤ အကြပ်အတည်းကို ဖြစ်စေပေါ်သော ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှုများကို ဖြေရှင်းရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများတွင် အခကြေးငွေမရသည့် ပြုစုစောင့်ရှောက်မှု၊ စီးပွားရေး နှင့် ပညာရေး ဆိုင်ရာ မညီမျှမှုများ၊ အမျိုးသမီးများ ဦးဆောင်မှု နှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပါဝင်ဆောင်ရွက်ခြင်းတို့နှင့် သက်ဆိုင်သည့် အတားအဆီး များအား အသိအမှတ်ပြုသော ကျား-မအလေးထား တုံ့ပြန်ဆောင်ရွက်သည့် ချဉ်းကပ် နည်းလမ်းများနှင့် ပြောင်းလဲတိုးတက်စေ သည့် ချဉ်းကပ်နည်းလမ်းများအား ချမှတ် အကောင် အထည် ဖော်ရမည် ဖြစ်ပါသည်။ လက်လှမ်းမီရရှိမှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် ကိန်းဂဏန်း အချက်အလက် များတွင် အမျိုးသမီးများနှင့် သက်ဆိုင်သည့် အချက်အလက်များ မတွေ့ရခြင်း (သို့) ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်မှုအား မမြင်တွေ့ရခြင်းမျိုး မဖြစ်စေသင့်ပါ။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တို့အား ဖော်ဆောင်သည့် မည်သည့်လမ်းကြောင်းတွင်မဆို အမျိုးသမီး များ နှင့် မိန်းကလေး များ၏ ဦးဆောင်မှု နှင့် ပါဝင်မှုအား အမည်ခံသက်သက်မျှ မဟုတ်ဘဲ ရေရှည် တည်တံ့သည့် ဖြေရှင်းနည်းလမ်း များအတွက် ကြိုတင်လမ်းခင်းပေးသည့် အခြေအနေများအဖြစ် အရေးပါသည့် နေရာတွင် အလေးအနက်ထား ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။
အခွင့်အရေးများကို စောင့်ဆိုင်းနေ၍ မရပါ။ တရားမျှတမှုကို ရွှေ့ဆိုင်းထား၍ မရပါ။ အရေးယူလှုပ်ရှား ဆောင်ရွက်မှုများကို နှောင့်နှေးစေ၍ မရပါ။ ဤအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခါသမယတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးများ၏ သတ္တိနှင့် ဦးဆောင်မှုသည် ကာကွယ် စောင့်ရှောက်မှု၊ တာဝန်ယူမှု၊ ထိရောက်သည့် ပါဝင်ဆောင်ရွက်မှု နှင့် အညီ ဖြစ်စေသင့်ပြီး ၎င်းတို့၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ပေးရန် စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးရန် လိုအပ်ပါသည်။