လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ဆယ်ခန့်က လူ့အခွင့်အရေး ကြေညာစာတမ်းမှာ လူတိုင်း ရှင်သန်ရပ်တည်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တာတွေကို ပြဌာန်းထားပါတယ်။ အဲဒါဟာ အတွေးအခေါ်ပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ အောင်မြင်မှုတစ်ခုဖြစ်ပြီး အဲဒီအချိန်ကစပြီး ကမ္ဘာ့ လူမှုအသိုက်အဝန်းရဲ့ အခြေခံအုတ်မြစ် ဖြစ်လာခဲ့ပါတယ်။
အရပ်ဘက်၊ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လူ့အခွင့်အရေးတွေဟာ လွှဲပြောင်းလို့မရ၊ ခွဲခြားလို့မရတဲ့အပြင် အချင်းချင်း အမှီပြုနေတာဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးတဲ့ နှစ်တွေအတွင်းမှာ ပြည်သူလူထုရဲ့ လှုပ်ရှားဆောင်ရွက်နိုင်ခွင့်တွေ ကျဉ်းမြောင်းလာနေပါတယ်။ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုမှုနဲ့ လူတွေရဲ့ ဆင်းရဲဒုက္ခတွေကို မသိကျိုးကျွန်ပြုမှုတွေကို ပြသတဲ့ ကြီးလေးတဲ့ ချိုးဖောက်မှုတွေရှိနေပါတယ်။
လူ့အခွင့်အရေးတွေကို အမှန်တကယ် ရှင်သန်အသက်ဝင်အောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို အကာအကွယ်ပေးပြီး အဲဒီလို မတရားမှုတွေကို အတူတကွ ရင်ဆိုင်နိုင်စွမ်း ကျွန်တော်တို့မှာ ရှိပါတယ်။
ကုလသမဂ္ဂအနေနဲ့ ကမ္ဘာတဝန်းက လူတွေ သူတို့ရဲ့ အခြေခံအကျဆုံး အခွင့်အရေးတွေကို နားလည်သဘောပေါက်နိုင်စေဖို့ နေ့စဉ်နေ့တိုင်း ပံ့ပိုးကူညီနေပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့အတူ စားနပ်ရိက္ခာတွေ ဖြန့်ဝေတာ၊ အမိုးအကာတွေ ထောက်ပံ့တာ၊ ပညာရေးနဲ့ ရွေးကောက်ပွဲတွေအတွက် ပံ့ပိုးတာ၊ မိုင်းရှင်းလင်းတာ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတာ၊ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်ပေးတာနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းတာ စတာတွေကို လုပ်ဆောင်နေပါတယ်။
ဒါပေမဲ့ တစ်ဦးတစ်ယောက်ထဲနဲ့ ဆောင်ရွက်နိုင်တာတော့ မဟုတ်ပါဘူး။ နေရာစုံက လူအားလုံးရဲ့ ရပ်တည်လုပ်ဆောင်မှုအပေါ်မှာ မူတည်တာပါ။ အားအနည်းဆုံးသူတွေကို အကာအကွယ်ပေးတဲ့အခါ၊ မျက်နှာလွှဲ ရှောင်ဖယ်မသွားတဲ့အခါ၊ ကျွန်တော်တို့တွေအတွက် ထုတ်ဖော်ပြောဆိုပေးနေတဲ့ အဖွဲ့အစည်းတွေအတွက် ဖွင့်ဟပြောဆိုပေးတဲ့အခါ လူ့အခွင့်အရေးကို ဆက်လက်ရှင်သန်စေတာဖြစ်ပါတယ်။
ကျွန်တော်တို့တွေရဲ့ အခွင့်အရေးဟာ အကျိုးအမြတ် ဒါမှမဟုတ် အခွင့်အာဏာရဲ့ အနောက်မှာ မရှိသင့်ပါဘူး။ လူတိုင်းအတွက် ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုအတွက် အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ စည်းလုံးညီညွတ်ကြရအောင်ပါ။