မသန်စွမ်းသူတွေဟာ ဆန်းသစ်တီထွင်မှုတွေကို ဦးဆောင်တာ၊ မူဝါဒတွေကို သက်ရောက်မှုရှိစေတာနဲ့ တရားမျှတမှုအတွက် စည်းရုံးလှုပ်ရှားတာ စတာတွေနဲ့ လူမှုအသိုက်အဝန်းကို ပြောင်းလဲဖန်တီးပေးနေပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ဆုံးဖြတ်ချက်ချတဲ့ စားပွဲဝိုင်းတွေမှာတော့ နေရာပေးဖို့ ငြင်းပယ်ခံနေရပါတယ်။
ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး ကမ္ဘာ့ထိပ်သီးအစည်းအဝေးမှာ အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဒိုဟာနိုင်ငံရေးကြေညာစာတမ်းက အရေးပါတဲ့ အမှန်တရားတစ်ခုကို ထပ်လောင်း အတည်ပြုပါတယ်။ မသန်စွမ်းသူတွေ ပါဝင်မှုမရှိဘဲ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု မရနိုင်တဲ့ အချက်ဖြစ်ပါတယ်။
မသန်စွမ်းသူတွေဟာ အားလုံး အကျိုးရှိစေတဲ့ တိုးတက်မှုကို တွန်းအားပေးသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ဦးဆောင်မှုက ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုကို တိုးတက်ကောင်းမွန်စေခဲ့ပြီး အားလုံးပါဝင်တဲ့ ပညာရေးနဲ့ အလုပ်အကိုင်တွေကို ချဲ့ထွင်ပေးခဲ့တဲ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေ အန္တရာယ်အရှိဆုံးသူတွေထံ ရောက်ရှိစေနိုင်ခဲ့ပါတယ်။
စာတိုပေးပို့တာကနေ အသံနဲ့ဆက်သွယ်တဲ့ နည်းပညာတွေအထိ နေ့စဥ်ဘဝတွေကို ပုံဖော်ပေးနေတဲ့ ဆန်းသစ်တီထွင်မှုအတော်များများဟာ မသန်စွမ်းသူတွေက သူတို့တွေအတွက် ဖန်တီးတဲ့ ဖြေရှင်းနည်းတွေအဖြစ်က စတင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ စနစ်တကျ အတားအဆီးတွေက ရှိနေဆဲဖြစ်ပါတယ်။ ခွဲခြားဆက်ဆံမှု၊ ဆင်းရဲမွဲတေမှုနဲ့ အသုံးပြုခွင့်မရတဲ့ ဝန်ဆောင်မှုတွေဟာ ကမ္ဘာတဝန်းက မသန်စွမ်းသူ တစ်ဘီလီယံကျော်ရဲ့ ပါဝင်ဆောင်ရွက်မှုကို ကန့်သတ်ထားဆဲဖြစ်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာ မသန်စွမ်းသူတွေကို အကျိုးတူ မိတ်ဖက်များအဖြစ်နဲ့ သူတို့ရဲ့ အားလုံးသော မတူကွဲပြားမှုတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ ကတိကဝတ်ပြုကြရအောင်ပါ။
အားလုံး ပါဝင်မှု အမှန်တကယ် ဖြစ်လာတဲ့အခါ လူတိုင်း အကျိုးခံစားရမှာ ဖြစ်ပါတယ်။ အားလုံး ဖွံ့ဖြိုးတိုးတက်နိုင်မယ့် ပိုမို လက်လှမ်းမီရရှိနိုင်ပြီး ကြံ့ခိုင်တဲ့ လူမှုအဖွဲ့အစည်းတွေကို အတူတကွ ဖန်တီးနိုင်ပါတယ်။