ကျွန်တော်တို့မှာ လူ့ဘဝတွေ အနာဂတ်တွေကို ပြောင်းလဲနိုင်တဲ့၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါကို အပြီးတိုင် ပပျောက်စေနိုင်တဲ့ အစွမ်းသတ္တိ ရှိတာကို ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့က သတိပေးလိုက်တာဖြစ်ပါတယ်။
ကျွန်တော်တို့တတွေ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုတွေကို ငြင်းလို့မရပါဘူး။
သက္ကရာဇ် ၂၀၁၀ ခုနှစ်ကတည်းက ရောဂါပိုး စတင်ကူးစက်ခံရမှုနှုန်းမှာ ၄၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပြီးဖြစ်ပါတယ်။
ခုခံအားကျဆင်းမှုကူးစက်ရောဂါနဲ့ ဆက်စပ်တဲ့ သေဆုံးမှုနှုန်းကလည်း ထက်ဝက်ကျော်အထိ လျော့ကျသွားခဲ့ပါတယ် ။
နောက်ပြီး ဆေးကုသခံယူရရှိမှုကလည်း ယခင်ထက် ပိုမိုကောင်းမွန်တိုးတက်လာပါတယ်။
ဒါပေမဲ့ ကမ္ဘာတဝန်းက လူများစွာအတွက်တော့ အကျပ်အတည်းက ဆက်ရှိနေပါတယ်။
လူသန်းပေါင်းများစွာမှာ ဘယ်သူတွေဖြစ်လို့၊ ဘယ်နေရာမှာနေလို့ ဒါမှမဟုတ် ခံစားနေရတဲ့ နှိမ့်ချဆက်ဆံခံရမှု စတာတွေကြောင့် အိတ်ချ်အိုင်ဗွီ ကြိုတင်ကာကွယ်နဲ့ ကုသရေး ဝန်ဆောင်မှုတွေဆီ မရောက်ရှိဘဲ ဖြစ်နေပါတယ်။
တချိန်တည်းမှာပင် အရင်းမြစ်တွေနဲ့ ဝန်ဆောင်မှုတွေ လျှော့ချလိုက်ခြင်းကြောင့် အသက်အန္တရာယ်တွေ ဖြစ်စေပြီး ခက်ခက်ခဲခဲရယူထားရတဲ့ တိုးတက်အောင်မြင်မှုတွေကို ခြိမ်းခြောက်နေပါတယ်။
ခုခံအားကျဆင်းမှုကူးစက်ရောဂါ ပပျောက်ရေးက လူမှုအသိုက်အဝန်းတွေကို စွမ်းအားမြှင့်တင်တာ၊ ကာကွယ်တားဆီးရေးတွေမှာ ရင်းနှီးမြှုပ်နှံတာနဲ့ အားလုံးအတွက် ကုသမှုရရှိစေဖို့ တိုးချဲ့ဆောင်ရွက်တာတို့ကို ဆိုလိုပါတယ်။
ဆန်းသစ်တီထွင်မှုနဲ့ အကောင်အထည်ဖော်မှုကို ပေါင်းစပ်တာ၊ ထိုးဆေးတွေလိုမျိုး ပစ္စည်းကိရိယာအသစ်တွေ လိုအပ်နေသူတွေထံ ရောက်ရှိစေတာတွေကို ဆိုလိုပါတယ်။
ဘယ်သူတစ်ဦးတစ်ယောက်မှ မကျန်ခဲ့စေရေးအတွက် အဆင့်တိုင်းမှာ လုပ်ငန်းတွေကို လူ့အခွင့်အရေးအပေါ် အခြေခံဖို့ကို ဆိုလိုပါတယ်။
သက္ကရာဇ် ၂၀၃၀ မှာ ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခုအဖြစ်မှ အဆုံးသတ်ရေးဟာ လက်တစ်ကမ်းမှာ ရှိပါတယ်။
အဲဒါကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ကြရအောင်ပါ။