အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ဘေးဆိုးတစ်ခုဖြစ်ပါတယ်။ လက်ရှိ ဒစ်ဂျစ်တယ်ခေတ်မှာ နည်းပညာရဲ့ သက်ရောက်နိုင်မှုနဲ့ အမြန်နှုန်းတွေကြောင့် ပိုပြီး ကျယ်ပြန့်လာနေပါတယ်။
ဒါ့ကြောင့် အခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ အွန်လိုင်းကာကွယ်ရေးကို အလေးပေးထားပါတယ်။
အွန်လိုင်းမှ ထိပါးနှောင့်ယှက်မှုတွေ၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဖန်တီးထားတဲ့ ရုပ်သံ၊ ဓာတ်ပုံ အတုတွေ (deepfakes) နဲ့ အမုန်းစကားတွေဟာ ပြန့်ပွားလာနေပါတယ်။
အမျိုးသမီးမုန်းတီးရေး အကြောင်းအရာတွေက အရေးမပါလှတဲ့ အဆင့်ကနေ အဓိကကိစ္စရပ်တစ်ခုအဖြစ် ပြောင်းလဲ ရောက်ရှိနေပါတယ်။
နောက်ပြီး ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာ စတင်တဲ့ အကြမ်းဖက်မှုဟာ စောင့်ကြည့်နောက်ယောင်ခံတာ မတော်မတရားပြုတာနဲ့ အမျိုးသမီးတွေကို သတ်ဖြတ်တာအထိ ပုံစံစုံနဲ့ ရုပ်ဝတ္တုလောကထဲ ကူးစက်လာနိုင်ပါတယ်။
ဒီအကြပ်အတည်းကို အဆုံးသတ်ဖို့အတွက် အားလုံးရဲ့ အရေးယူဆောင်ရွက်မှု လိုအပ်ပါတယ်။
အစိုးရတွေအနေနဲ့ ဒစ်ဂျစ်တယ် အကြမ်းဖက်မှုဟာ ပြစ်မှုမြောက်ကြောင်း သတ်မှတ်ပြီး ရှင်သန်ကျန်ရစ်သူတွေအတွက် ထောက်ပံ့မှုကို ပိုမို ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရပါမယ်။
နည်းပညာ ကုမ္ပဏီတွေကလည်း မိမိရဲ့ ပလက်ဖောင်းတွေကို လုံခြုံပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး သေချာအောင် လုပ်ဆောင်ရပါမယ်။
နောက်ပြီး လူမှု အသိုက်အဝန်းတွေအနေနဲ့ အွန်လိုင်းပေါ်က အမုန်းတရားတွေကို လုံးဝ သည်းမခံကြဖို့ စုစည်းညီညွတ်ကြရပါမယ်။
ဒစ်ဂျစ်တယ် နယ်ပယ်ကို အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဘေးကင်းလုံခြုံမှု မရှိတဲ့ နောက်ထပ်နေရာတစ်ခု ဖြစ်လာစေဖို့ကို ခွင့်မပြုနိုင်ပါဘူး။
ပေကျင်း ကြေညာစာတမ်း ရေးထိုးခဲ့တာ နှစ် ၃၀ ပြည့်မြောက်တဲ့ ဒီနေ့မှာ နေရာစုံက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို အဆုံးသတ်ရေးအတွက် စည်းလုံးကြဖို့ တောင်းဆိုပါတယ်။
အမျိုးသမီးတိုင်း မိန်းကလေးငယ်တိုင်း ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ ကြောက်ရွံ့မှုကင်းတဲ့ ကမ္ဘာတစ်ခုကို အတူ တည်ဆောက်နိုင်ပါတယ်။