မိန့်ခွန်း
နိုင်ငံတကာအကြမ်းမဖက်ရေးနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သတင်းစကား
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၀၂ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ အကြမ်းမဖက်ရေးနေ့မှာ မဟတ္တမ ဂန္ဒီရဲ့ ဘဝနဲ့ အမွေအနှစ်တွေ၊ အားလုံးအတွက် ငြိမ်းချမ်းရေး၊ အမှန်တရားနဲ့ ဂုဏ်သိက္ခာတို့အတွက် သူ့ရဲ့ မယိမ်းယိုင်တဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကို ဂုဏ်ပြုပါတယ်။
ဂန္ဒီက အဲဒီ စံနမူနာတွေကို ပြောပြရုံသာမကဘဲ အဲဒါတွေနဲ့ ကျင့်သုံးနေထိုင်ခဲ့သူ ဖြစ်ပါတယ်။ အခုလို တင်းမာမှုတွေ မြင့်တက်လာနေပြီး မတူကွဲပြားမှုတွေ နက်ရှိုင်းလာနေချိန်မှာ သူ့ရဲ့ သတင်းစကားက ပိုပြီး အရေးပါလာပါတယ်။
လူသားအချင်းချင်း စာနာ နားလည်မှု ယိုယွင်းပျက်စီးလာနေတာကို မြင်တွေ့နေရပါတယ်။ အကြမ်းဖက်မှုက ဆွေးနွေးညှိနှိုင်းမှုနေရာမှာ အစားထိုးဝင်ရောက်နေပါတယ်။ ပြည်သူတွေမှာ ပဋိပက္ခတွေရဲ့ ဒဏ်ကို ထမ်းပိုးနေရပါတယ်။ နိုင်ငံတကာ ဥပဒေကို ဖီဆန်နေကြပါတယ်။ လူ့အခွင့်အရေးတွေကို နင်းချေနေကြပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေးရဲ့ အခြေခံ အုတ်မြစ်တွေကလည်း ဖိအားတွေရှိနေပါတယ်။
ဂန္ဒီက အကြမ်းမဖက်မှုဟာ အားနည်းသူတို့ရဲ့ လက်နက်မဟုတ်ဘဲ ရဲစွမ်းသတ္တိရှိသူတွေရဲ့ ခွန်အားဖြစ်တာကို နားလည်ထားပါတယ်။ အဲဒါက အမုန်းတရားမပါဘဲ မတရားမှုကို ခုခံနိုင်စွမ်း၊ ရက်စက်မှုမရှိဘဲ ဖိနှိပ်မှုကို ရင်ဆိုင်စွမ်းနဲ့ လွှမ်းမိုးချုပ်ကိုင်မှုနဲ့မဟုတ်ဘဲ ဂုဏ်သိက္ခာဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်စွမ်း ဖြစ်ပါတယ်။
အခုလို အန္တရာယ်များပြီး ကွဲပြားမှုများပြားနေချိန်မှာ သူ့ရဲ့ ရှေ့ဆောင်လမ်းပြမှုကို လိုက်နာဖို့၊ ဆင်းရဲဒုက္ခတွေကို အဆုံးသတ်ဖို့၊ သံတမန်ရေး မြှင့်တင်ဖို့၊ မတူကွဲပြားမှုတွေကို ပပျောက်အောင် ကုစားဖို့နဲ့ အားလုံးအတွက် တရားမျှတပြီး စဥ်ဆက်မပြတ် ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့ ခွန်အားရှာဖွေကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ