ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့လူဦးရေနေ့က အစဥ်အဆက် အများဆုံးဖြစ်တဲ့ လူငယ် မျိုးဆက်တွေရဲ့ အလားအလာနဲ့ ကတိကဝတ်တွေကို ဂုဏ်ပြုတာဖြစ်ပါတယ်။
သူတို့တတွေဟာ ကျွန်တော်တို့တွေရဲ့ အနာဂတ်ကို ပုံဖော်နေတာသာမက တရားမျှတကာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ အနာဂတ်တစ်ခုကိုလည်း တောင်းဆိုနေကြပါတယ်။
"မျှတမှုနဲ့ မျှော်လင့်ခြင်း တည်သောကမ္ဘာမြေတွင် လိုချင်တဲ့ မိသားစုဘဝ ဖန်တီးခွင့်ရဖို့ လူငယ်များကို တိုက်တွန်းခြင်း” ဆိုတဲ့ ဆောင်ပုဒ်က လူတိုင်း မိမိဘဝ၊ အနာဂတ်တွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို သိရှိနားလည်စွာ ချမှတ်နိုင်ခွင့်ရှိရမယ်ဆိုတဲ့ ၁၉၉၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ ပြုခဲ့တဲ့ကတိကဝတ်ကို ထပ်လောင်း အတည်ပြုတာ ဖြစ်ပါတယ်။
ယနေ့ခေတ် လူငယ်ထုဟာ စီးပွားရေး မတည်ငြိမ်မှုတွေ၊ ကျား-မ တန်းတူညီမျှမှု မရှိမှုတွေ၊ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ ရာသီဥတုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ပဋိပက္ခတွေကို ရင်ဆိုင်နေရပါတယ်။
ဒါပေမဲ့ သူတို့ဟာ ရဲစွမ်းသတ္တိ၊ အသိနဲ့ သတိတရားကို လက်ကိုင်ထားပြီး ရှင်းလင်းပြတ်သားစွာနဲ့ ဦးဆောင်နေပါတယ်။ နောက်ပြီး သူတို့ရဲ့ အခွင့်အရေးကို ထောက်ပံ့ကာကွယ်ပြီး သူတို့ရဲ့ ရွေးချယ်မှုတွေကို ပံ့ပိုးပေးနိုင်တဲ့ စနစ်တွေရှိလာစေဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။
ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သင့်တင့်တဲ့ အလုပ်အကိုင်နဲ့ သူတို့ရဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ မူဝါဒတွေပေါ်ထွက်လာရေးမှာ ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတွေကို တောင်းဆိုပါတယ်။
လူငယ်တွေနဲ့အတူ ရပ်တည်ပြီး လူတိုင်း တရားမျှတ၊ ငြိမ်းချမ်းကာ မျှော်လင့်ချက်တွေနဲ့ပြည့်စုံတဲ့ ကမ္ဘာတစ်ခုအတွင်း ကိုယ့်ကြမ္မာ ကိုယ်တိုင် ဖန်တီးနိုင်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ကြရအောင်ပါ။