အမုန်းစကားတွေဟာ လူ့အဖွဲ့အစည်းရဲ့ တွင်းနက်ထဲမှာ ရှိနေတဲ့ အဆိပ်ဖြစ်ပါတယ်။ လူ့သမိုင်းရဲ့ အဆိုးရွားဆုံးကာလတွေမှာ အကြမ်းဖက်မှုနဲ့ ရက်စက်မှုတွေဖြစ်ပွားဖို့ လမ်းဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ လူနည်းစုလူမျိုးစုတွေနဲ့ ဘာသာရေးအုပ်စုငယ်လေးတွေဟာ မကြာခဏဆိုသလို ခွဲခြားဆက်ဆံခံရတာ၊ ဖယ်ကြဉ်ခံရတာနဲ့ အန္တရာယ်ပြုခံရတာ စတဲ့ ဆိုးရွားမှုတွေကို ခံစားကြရလေ့ရှိပါတယ်။
ဒီနှစ်ဆောင်ပုဒ်က သတိပေးထားသလို အခုခေတ်မှာ အေအိုင်ဉာဏ်ရည်တုနည်းပညာရဲ့ တွန်းအားကြောင့် အမုန်းစကားတွေဟာ အရင်ကထက် ပိုမို မြန်ဆန်ပြီး ပိုမိုကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနေပါတယ်။ ဘက်လိုက်တဲ့ အယ်လဂိုရီသမ်နဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေဟာ အဆိပ်အတောက်ဖြစ်စေမယ့် အကြောင်းအရာတွေကို ပျံ့နှံ့စေပြီး ထိပါးနှောက်ယှက်မှုနဲ့ မတော်မတရားပြုမှုတွေအတွက် နယ်ပယ်အသစ်တွေ ဖန်တီးပေးနေပါတယ်။
အနာဂတ်အတွက် ထိပ်သီးအစည်းအဝေးမှာ အတည်ပြုပြဌာန်းခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် သဘောတူညီချက်မှာ ရှေ့ဆက်သွားရမယ့် လမ်းကြောင်းတစ်ခုကို ကမ်းလှမ်းထားရာ
အွန်လိုင်းပေါ်က အမုန်းတရားကို ကိုင်တွယ်ဖြေရှင်းရာမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေတို့နဲ့ ဆက်နွယ်ကာ နိုင်ငံတကာမှ ပိုမိုအားကောင်းတဲ့ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုထားပါတယ်။
အမုန်းစကားတွေကို ဖုံးလွှမ်းသွားအောင်လုပ်ဆောင်ဖို့ အစိုးရတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေအပြင် ဘာသာရေးနဲ့ ရပ်ရွာလူထုခေါင်းဆောင်တွေအကြား အလွှာစုံမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ အပြောအဆိုတွေကို အပြုသဘောဆောင်တဲ့ သတင်းစကားတွေနဲ့ တုံ့ပြန်ကြဖို့သာမက အမုန်းစကားတွေကို သတိပြုမိဖို့၊ ငြင်းပယ်ကြဖို့နဲ့ ဆန့်ကျင်ကြဖို့ ပြည်သူတွေကို တွန်းအားပေးဖို့ လိုပါတယ်။ ကုလသမဂ္ဂ၏ အမုန်းစကားဆန့်ကျင်ရေးဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်မှာလည်း ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို လမ်းညွှန်ထားပါတယ်။
ပိုမို လုံခြုံပြီး လူသားဆန်တဲ့ သတင်းအချက်အလက် ဂေဟစနစ်တစ်ခု ပေါ်ထွက်လာရေးအတွက် ကြိုးပမ်းအားထုတ်ထားတဲ့အတိုင်း ကျွန်တော် မနှစ်က မိတ်ဆက်ခဲ့တဲ့ သတင်းအချက်အလက်များလုံခြုံရေးအတွက် ကမ္ဘာလုံးဆိုင်ရာ မူဝါဒဟာ အဲဒီလို ကြိုးပမ်းလုပ်ဆောင်မှုတွေကို ပံ့ပိုးပေးထားတဲ့အပြင် အသိပညာလည်း ပေးထားပါတယ်။ ဒီအထိမ်းအမှတ်နေ့မှာ အေအိုင် ဉာဏ်ရည်တုနည်းပညာကို အမုန်းတရားအတွက် လက်နက်တခု သဖွယ် အသုံးမပြုကြပဲ ကောင်းမွန်တဲ့အရာတွေအတွက် အင်အားတခုအဖြစ် အသုံးပြုကြဖို့ ကတိကဝတ်ပြုကြရအောင်ပါ။ အားလုံးအတွက် ငြိမ်းချမ်းရေး၊ အပြန်အလှန် လေးစားမှုနဲ့ နားလည်မှုတို့ကို ရှာဖွေရာမှာ တစုတစည်းထဲ ရပ်တည်ကြရအောင်ပါ။