အကျပ်အတည်းကာလနှင့် အကျပ်အတည်းအလွန် - အိမ်အကူအလုပ်သမားများ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း
ယနေ့သည် အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများနေ့ဖြစ်ပြီး ပုဂ္ဂလိကနေအိမ်များတွင် လုပ်အားခဖြင့် အလုပ်များကို လုပ်ကိုင်နေရသော အိမ်အကူအလုပ်သမားများ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာကို လေးစား လိုက်နာရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်တစ်ခုဖြစ်သည့် ILO၏ ပြဌာန်းချက်အမှတ်-၁၈၉ ကို အတည်ပြုခဲ့သည့် ၁၄ နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်သည်။ ဤပြဌာန်းချက်သည် အိမ်အကူအလုပ်သမားများကို အလုပ်သမားများအဖြစ် အခြားသောအလုပ်အကိုင်များကဲ့သို့ တူညီသောကာကွယ် စောင့်ရှောက်မှုများ၊ လုပ်ခလစာနှင့် -လေးစားမှုများကို ထိုက်တန်သူများဖြစ်ကြောင်း အတည်ပြုလိုက်သည့် ပြဌာန်းချက်ဖြစ်သည်။
သို့သော် ယနေ့အချိန်ထိ ထိုရိုးရှင်းသည့် အမှန်တရားသည် မကြာခဏ လျစ်လျူရှုခံနေရဆဲဖြစ်သည်။
မြန်မာနိုင်ငံအပါအဝင် အာရှတစ်ခွင်၌ ကျွန်ုပ်တို့၏ ခေတ်ကာလတွင် အကျပ်အတည်းပြဿနာများ များပြားစွာ ဖြစ်ပေါ်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ဆက်တိုက်ဖြစ်ပွားနေသော ပထဝီနိုင်ငံရေး တင်းမာမှုများ၊ စံချိန်တင် ပြင်းထန်သည့် ရာသီဥတုအခြေအနေများ၊ လူနေမှုစရိတ်များ မြင့်တက်လာခြင်းနှင့် နက်ရှိုင်းလာသည့် လူမှုမညီမျှမှုများ စသော အကျပ်အတည်းများကို ဖြတ်သန်းနေရသည်။ ထိုအကျပ်အတည်းများတွင် အိမ်တွင်းအလုပ်အကိုင်သည် အရေးကြီးသော အလုပ်အကိုင်ဖြစ်ကြောင်းကို ရှင်းလင်းစွာ ထင်ဟပ်နေပေသည်။ ထိုအလုပ်အကိုင်သည် အိမ်ထောင်မိသားစုများနှင့် လူမှုအသိုင်းအဝိုင်း ဆက်လက်လည်ပတ်နိုင်စေရန် လုပ်ဆောင်ပေးနေသော ထင်သာစွာ မြင်တွေ့ရခြင်း မရှိသည့် အခြေခံအဆောက်အအုံတစ်ခုဖြစ်သည်။ ဘေးအန္တရာယ် ကျရောက်သည့် အခါတွင်လည်း ထိုအလုပ်အကိုင်သည် အသက်ရှင်ရပ်တည်ရေးအတွက် ထောက်ပံ့ပေးသော အရေးပါသည့် အလုပ်အကိုင်တစ်ခုလည်း ဖြစ်သည်။
၂၀၂၄ ခုနှစ် မဲခေါင်ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးမှုဖြစ်စဉ်၌ ရေမြှုပ်သွားသည့် နေအိမ်များရှိ ရွှံနွံများကို အိမ်တွင်းအလုပ်သမားများက တိုက်ချွတ်ရှင်းလင်းခြင်းများ ပြုလုပ်ပေးခဲ့ရသည်။ ၂၀၂၅ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၌ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် မိသားစုဝင်များကို ဘေးကင်းရာသို့ ကူညီ ပို့ဆောင်သူများမှာလည်း အိမ်အကူအလုပ်သမားများ ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါအတွင်း အိမ်အကူအလုပ်သမားများသည် နေထိုင်မကောင်းဖြစ်နေသော လူနာများ၊ အသက်ကြီးသူများနှင့် ကလေးသူငယ်များကို ပြုစုပေးခြင်းဖြင့် မိသားစုများအတွက် အရေးကြီးသော ပံ့ပိုးမှုများကို လုပ်ဆောင်ပေးခဲ့ကြပါသည်။
အိမ်တွင်းအလုပ်သမားများသည် ချီးကျူးဂုဏ်ပြုခြင်းများမခံရသည့် ရှေ့ပြေး တိတ်တဆိတ်အကူအညီပေးသူတွေ ဖြစ်ခဲ့ကြပါသည်။ သို့သော် ထိုသူများကို အသိအမှတ်ပြုခဲ့ကြပါသလား။ ထိုသူများကို အရေးပေါ် အကူအညီပေးနေသူ စာရင်းများတွင် ထည့်သွင်းဖော်ပြခဲ့သလား။ အရေးပေါ်အခြေအနေ တုန့်ပြန်ရေး အစီအစဉ်များအတွက် ထည့်သွင်း စဉ်းစားခဲ့ကြပါသလား။ အများအားဖြင့် အဖြေက မရှိ ဆိုတာသာဖြစ်သည်။
ဘေးအန္တရာယ် တုန့်ပြန်ဆောင်ရွက်ရေးစနစ်များတွင် အိမ်အကူအလုပ်သမားများကို ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးသူများအဖြစ်သော်လည်းကောင်း၊ ကာကွယ်စောင့်ရှောက်ရေး လိုအပ်သူများအဖြစ်လည်းကောင်း ထည့်သွင်းစဉ်းစားထားခြင်း မရှိပေ။ ထိုကဲ့သို့ မမြင်ကွယ်ရာဖြစ်နေမှုက ပိုမိုနက်ရှိုင်းသည့် ပြဿနာအဖြစ် လှစ်ဟ ဖေါ်ပြလျက်ရှိသည်။ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်း သာယာဝပြောရေးအတွက် ပြုစုစောင့်ရှောက်ခြင်းနှင့် အိမ်အကူ အလုပ်သမားများကို မရှိမဖြစ် လိုအပ်သူများအဖြစ် တန်ဖိုးထားရန် ဆက်လက် ပျက်ကွက်လျက်ရှိသည်။
ထိုသို့ အရေးကြီးသည့် ကူညီမှုများ ဆောင်ရွက်ပေးနေသော်လည်း ဒေသအတွင်းရှိ အိမ်အကူအလုပ်သမားများမှာ အမြတ်ထုတ်မှု အခံရဆုံးနှင့် ကာကွယ်စောင့်ရှောက်မှု မရသော အလုပ်သမားများအဖြစ် ဆက်လက်ဖြစ်တည်လျက် ရှိသည်။ အာဆီယံဒေသအတွင်း ILO ၏ လေ့လာချက်တစ်ရပ်ဖြစ်သော “ပြုစုစောင့်ရှောက်ရေးအတွက် ကျွမ်းကျင်မှုနှင့် အတင်းအကြပ်အလုပ်ခိုင်းစေခံရခြင်း” သုတေသနအစီရင်ခံစာ၌ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရှိ အိမ်အကူအလုပ်သမား ထက်ဝက်ကျော်သည် တစ်ရက်လျှင် ဆယ်နာရီကျော် အလုပ်လုပ်ကိုင်ရကြောင်း တွေ့ရှိရသည်။ ထိုနိုင်ငံများရှိ အိမ်အကူအလုပ်သမား လေးပုံတစ်ပုံကျော်မှာ ပိတ်ရက်မရှိဘဲ တစ်ပတ် ခုနှစ်ရက်စလုံး အလုပ်လုပ်ကိုင်ကြရသည်။ အများစုမှာ အခြေခံအလုပ်သမား ဥပဒေများဖြစ်သည့် နားချိန်၊ အများဆုံးအလုပ်ချိန် သို့မဟုတ် အခြေခံလုပ်ခလစာ အခွင့်အရေးများ၌ပင် ဖယ်ကျဉ်ထားသည်။ ထို့အပြင် အိမ်အကူအလုပ်သမားများ၏ လုပ်ခလစာမှာလည်း သူတို့၏ ကျွမ်းကျင်မှုများနှင့် လုပ်သက်အတွေ့အကြုံများကို ထင်ဟပ်မှု မရှိပေ။
ထိုအရာများမှာ သီးခြားဖြစ်ပေါ်နေသည့် အရာများမဟုတ်ဘဲ စနစ်တကျ လျစ်လျူရှုထားခြင်းသာဖြစ်သည်။
သို့သော် ရွှေ့ပြောင်းအိမ်အကူအလုပ်သမားများအပါအဝင် အိမ်အကူအလုပ်သမားသည် မိသားစုများနှင့် ရပ်ရွာ အသိုင်းအဝိုင်းကို ၄င်းတို့၏ လုပ်အားဖြင့်သာမက မိသားစုထံသို့ လွှဲပို့ငွေများ ပေးပို့ခြင်းဖြင့်လည်း ဆက်လက် ပံ့ပိုး ကူညီ ပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ၌ ငလျင်ဖြစ်ပွားပြီးနောက် ငလျင်ဒဏ်ခံစားရသော မိသားစုများအတွက် အရေးပေါ်လိုအပ်ချက်များဖြစ်သည့် အစားအသောက်၊ အိမ်ပြင်ရန်နှင့် အခြေခံလိုအပ်ချက်များ အတွက် ပံ့ပိုးမှုများမရောက်မီ ပြည်ပမှ အိမ်အကူအလုပ်သမားများ၏ လွှဲပို့ငွေမှာ အရေးပါသော ဝင်ငွေလမ်းကြောင်း တစ်ခုဖြစ်ခဲ့သည်။ အထူးသဖြင့် လက်လှမ်းမီရန်ခက်ခဲ့သည့်နေရာများနှင့် အဖွဲ့အစည်းများ၏ အကူအညီပေးမှု နှောင့်နှေးနေသည့် နေရာများ၌ ပထမဦးဆုံးကူညီပေးသူများထဲတွင် အိမ်အကူအလုပ်သမားများ၏ ပံ့ပိုးမှုများ ပါဝင်ပါသည်။
သို့သော် တိုးတက်မှုလက္ခဏာများလည်း ရှိပါသေးသည်။ မြန်မာနိုင်ငံ၌ မြန်မာအိမ်တွင်းအလုပ်သမားများအသင်း၏ ကြိုးပမ်းအားထုတ်မှုကြောင့် အိမ်အကူအလုပ်သမားများ၏ ဦးဆောင်မှုနှင့် စုစည်းမှုများဖြင့် အိမ်အကူ အလုပ်သမားများ၏ အခွင့်အရေးများကို အသိအမှတ်ပြုရန် တောင်းဆိုမှုများ တိုးမြင့်လာသည်ကို မြင်တွေ့လာရသည်။ ဒေသတွင်း၌ ဖြစ်ပေါ်လျက်ရှိသော တိုးတက်မှုများကလည်း မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများရှိ အိမ်အကူအလုပ်သမား များအတွက် အားတက်စရာအခြေအနေများကို ဖြစ်ပေါ်စေသည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အနည်းဆုံးလုပ်ခလစာ အာမခံချက်၊ တစ်ရက်အလုပ်ချိန် ရှစ်နာရီနှင့် လုပ်ခလစာဖြင့် မီးဖွားခွင့် အပါအဝင် အိမ်အကူအလုပ်သမားများကို အကာအကွယ်ပေးသည့် ဝန်ကြီးဌာန စည်းမျဉ်းဥပဒေအမှတ်-၁၅ ကို ရဲရင့်သည့် ခြေလှမ်းတစ်ရပ်အဖြစ် ထုတ်ပြန်ပေးခဲ့သည်။ မလေးရှားနိုင်ငံကလည်း လုပ်ငန်းခွင်ထိခိုက်မှု၊ မသန်စွမ်းမှုနှင့် အသက်ရှင်ကျန်ရစ်သူများ အတွက် အကျိုးခံစားခွင့်အစီအစဉ်များကို ရွှေ့ပြောင်းအိမ်အကူ အလုပ်သမားများ အပါအဝင် ရွှေ့ပြောင်း အလုပ်သမားများ အကျုံးဝင်စေရန် ချဲ့ထွင်သတ်မှတ်ပေးခဲ့သည်။
သို့သော် ဒေသတွင်းရှိ နိုင်ငံအများစုတွင် အိမ်အကူအလုပ်လုပ်သမားများကို လူမှုကာကွယ်ရေး မူဘောင်များမှ ဆက်လက်၍ ဖယ်ကျဉ်ထားဆဲ ဖြစ်သောကြောင့် ထိခိုက်ခံစားလွယ်ဆုံး အိမ်အကူအလုပ်သမားများမှာ လူမှုကာကွယ် စောင့်ရှောက်ရေး အကာအကွယ်များ မရရှိကြပေ။
အိမ်အကူအလုပ်သမားများ၏ အခွင့်အရေးများကို အသိအမှတ်ပြုခြင်းမှာ ပရဟိတသဘောမျိုး မဖြစ်ရပေ။ ထိုအရာကို မရှိမဖြစ်၊ လက်တွေ့တကျ အနာဂတ်အတွက် မူဝါဒရွေးချယ်မှုတစ်ခုအဖြစ် လုပ်ဆောင်ရမည်။ အစိုးရများက ပြည့်စုံကောင်းမွန်သော ကာကွယ်စောင့်ရှောက်မှုများကို ဥပဒေအဖြစ် ချမှတ်နိုင်သကဲ့သို့ အလုပ်သမား သမဂ္ဂများကလည်း အိမ်အကူအလုပ်သမားများကို စုစည်းပြီး ယင်းတို့၏ အသံများကို ဖေါ်ထုတ်ပေးနိုင်ပါသည်။ အလုပ်ရှင်များကလည်း သင့်တော်ကောင်းမွန်သည့် လုပ်ငန်းခွင်အခြေအနေနှင့် မျှတသည့် လုပ်ငန်းခွင်ဆက်ဆံမှုများ သေချာစေသည့် အလေ့အထများကို သတ်မှတ်လုပ်ဆောင်နိုင်ပါသည်။ လူ့အဖွဲ့အစည်းတွင် ပါဝင်နေသော ကျွန်ုပ်တို့ အားလုံးကလည်း အိမ်အကူအလုပ်အကိုင်နှင့်ပတ်သက်၍ မြင်သာမှုမရှိသည့် အလုပ်အကိုင်၊ အလွတ်သဘော အကူအညီပေးရမည့် အလုပ်အကိုင်ဟု သဘောမထားဘဲ ထိုအလုပ်အကိုင်သည် ကျွန်ုပ်တို့ စီးပွားရေးနှင့် ခံနိုင်ရည်အား အတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ပြောင်းလဲရှုမြင်ရပါမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် အကျပ်အတည်းတိုင်းကို မတားဆီးနိုင်ပေ။ သို့သော် ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းများ၏ တုံ့ပြန်နိုင်စွမ်းနှင့် ပြန်လည်ထူထောင်မှုများ အားကောင်းစေရန် လုပ်ဆောင်နိုင်သည်။ ကျွန်ုပ်တို့သည် အိမ်အကူအလုပ်သမားများကို အကာအကွယ်ပေးခြင်းနှင့် ၎င်းတို့၏ အရေးကြီးသောအခန်းကဏ္ဍအဖြစ် အသိအမှတ်ပြုခြင်းကို မဟာဗျူဟာများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်းဆောင်ရွက်ရမည်။
ကျွန်ုပ်တို့၏ နေအိမ်များ၊ ဥပဒေများ သို့မဟုတ် ဘေးအန္တရာယ်အစီအမံများ၌ အိမ်အကူအလုပ်သမားများကို မေ့လျော့ခြင်းမရှိဘဲ ထည့်သွင်းလုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ အနာဂတ်ကို တည်ဆောက်ရမည်ဖြစ်သည်။ အဆုံးသတ်အနေဖြင့် အိမ်အကူအလုပ်သမားများ၏ အလုပ်အကိုင်ကို အမှန်တကယ် မရှိမဖြစ်လိုအပ်သော အလုပ်အကိုင်အဖြစ် သတ်မှတ်ကြပါစို့ ဟု တိုက်တွန်းလိုက်ပါသည်။
Yutong Liu သည် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိနှင့် နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်ပါသည်။