ဒီနှစ် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဟာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို တိုက်ဖျက်ဖို့ ဖြေရှင်းနည်းတွေအပေါ် အလေးပေးထားပါတယ်။
ဒါဟာ သင့်လျော်မှန်ကန်ပါတယ်။
ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေက ကမ္ဘာကြီးကို မွန်းကြပ်နေစေပြီး ဂေဟစနစ်တွေ၊ လူ့ကျန်းမာရေးနဲ့ ရာသီဥတုတွေကို ထိခိုက်စေပါတယ်။
ပလတ်စတစ်အမှိုက်တွေက မြစ်တွေကို ပိတ်ဆို့ပြီး သမုဒ္ဒရာကို ညစ်ညမ်းစေကာ တောရိုင်းတိရစ္ဆာန်တွေကိုပါ အန္တရာယ်ရှိစေပါတယ်။
ဒါ့အပြင် ပလတ်စတစ်တွေက အစိတ်အပိုင်းသေးသေးလေးတွေအဖြစ် ပြိုပျက်လာတဲ့အခါမှာ ကမ္ဘာမြေကြီးရဲ့ နေရာတိုင်းကို စိမ့်ဝင်သွားပါတယ်။ ဧဝရက်တောင်ထိပ်ကနေ သမုဒ္ဒရာအောက်ခြေအထိ၊ လူသားဦးနှောက်ကနေ မိခင်နို့ရည်ထဲအထိပါပဲ။
ဒါပေမယ့် အရေးပေါ် ပြောင်းလဲမှုအတွက် လှုပ်ရှားဆောင်ရွက်မှုတစ်ခုရှိနေပါပြီ။
လူထုရဲ့ ပါဝင်ဆောင်ရွက်မှုက တဖြည်းဖြည်း တိုးလာနေတာကို မြင်တွေ့ရပါတယ်…
ပြန်လည်အသုံးပြုနိုင်မှုနဲ့ ပိုမို တာဝန်ယူမှုတွေဆီ ဦးတည်တဲ့ ခြေလှမ်းတွေကို မြင်တွေ့လာရပါတယ်…
ဒါ့အပြင် တစ်ခါသုံးပလတ်စတစ်တွေကို လျှော့ချဖို့နဲ့ အမှိုက်စီမံခန့်ခွဲမှုကို တိုးတက်အောင်လုပ်ဆောင်ဖို့ မူဝါဒတွေကိုလည်း မြင်တွေ့လာရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ပိုမို အရှိန်မြှင့်ပြီး ရှေ့ဆက်ဖို့ လိုအပ်ပါတယ်။
နှစ်လအတွင်းမှာ နိုင်ငံတွေဟာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို အဆုံးသတ်ဖို့ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်အသစ်တစ်ခုကို ရေးထိုးနိုင်ဖို့ စုဝေးကြမှာဖြစ်ပါတယ်။
ဒီနှစ်မှာ ကျွန်တော်တို့ အားတက်ဖွယ်ကောင်းပြီး ယုံကြည်စိတ်ချရတဲ့၊ တရားမျှတတဲ့ သဘောတူညီချက်တစ်ခုလိုအပ်ပါတယ်။
ပလတ်စတစ်ရဲ့ သက်တမ်းကို စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့ စီးပွားရေးစနစ်တွေ (circular economies) ရဲ့ ရှုထောင့်က စဉ်းစားထားတဲ့…
လူ့အသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်တွေကို တုံ့ပြန်နိုင်တဲ့…
ပိုမိုကျယ်ပြန့်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရည်မှန်းချက်တွေ၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေနဲ့ ကိုက်ညီတဲ့…
နောက်ပြီး အမြန်ဆုံး၊ ပြည့်စုံစွာ အကောင်အထည်ဖော်နိုင်တဲ့ သဘောတူညီချက်တစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်။
ကမ္ဘာကလိုအပ်တဲ့ သဘောတူညီချက်ချမှတ်နိုင်ဖို့နဲ့ မတူကွဲပြားမှုတွေကတဆင့် တူညီတဲ့လမ်းကြောင်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် သံန္နိဌာန်ချပြီး သြဂုတ်လမှာ ပြန်လည်ဆွေးနွေးကြဖို့ ညှိနှိုင်းဆွေးနွေးကြသူတွေကို တိုက်တွန်းလိုပါတယ်။
အတူတကွ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေရဲ့ ဘေးဒဏ်ကို အဆုံးသတ်ပြီး ကျွန်တော်တို့အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်တစ်ခုကို တည်ဆောက်ကြရအောင်ပါ။
ကျေးဇူးတင်ပါတယ်။