ငလျင်ဘေးကြုံရပြီးနောက် ယူနီဆက်ရဲ့ အရေးပေါ်ငွေသားထောက်ပံ့မှုက မိသားစုများအတွက် မှီခိုရာတစ်ခုဖြစ်ခဲ့
ငလျင်သင့်ဒေသများမှ လူဦးရေစုစုပေါင်း ၂၅,၀၀၀ ကျော်ဟာ ယူနီဆက်ရဲ့ ငွေသားထောက်ပံ့မှုကို ရရှိပြီးပါပြီ။
လူဦးရေများပြားပြီး စည်ကားလှတဲ့ မန္တလေးမြို့၊ စိန်ပန်းရပ်မှာ ဒေါ်ဇင်မာ၊ ၅၀ နှစ်က နေ့လယ်စာစားဖို့ ပြင်ဆင်နေချိန်မှာ ၁၈ နှစ်အရွယ် သား မောင်မင်းခန့်က အနီးက ဝါးဖျာလေးပေါ်မှာ အနားယူနေပါတယ်။ မောင်မင်းခန့်ဟာ ကြွက်သားထိန်းချုပ်မှုအားနည်းတဲ့ မသန်စွမ်းသူတစ်ဦးဖြစ်ပါတယ်။ ဒေါ်ဇင်မာရဲ့ ဖခင်ကြီးကတော့ တံခါးဝအပြင်နားမှာထိုင်နေပါတယ်။ ငလျင်မလှုပ်ခင်အချိန်ထိတော့ အေးချမ်းတဲ့ နေ့လယ်ခင်းလေးတစ်ခုဖြစ်ခဲ့ပေမယ့် စက္ကန့်ပိုင်းအတွင်းမှာပဲ ထိတ်လန့်စရာဖြစ်ရပ်ကြီး စတင်ခဲ့ပါတယ်။
"ကျွန်မတို့ တော်တော်လန့်သွားတယ်" လို့ ဒေါ်ဇင်မာက ပြောပြပါတယ်။ "တစ်ဖက်က သားကိုဆွဲ၊ တစ်ဖက်က အဖေ့ကိုဆွဲပြီး အိမ်အပြင်ကိုပြေးခဲ့ရတာ။ ဘာမှတောင် မယူလာနိုင်ခဲ့ဘူး။"
နဂိုကတည်းက အခက်အခဲတွေရှိနှင့်နေတဲ့ ဒေါ်ဇင်မာတို့လို မိသားစုတွေအတွက် ငလျင်ဘေးဟာ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ပိုတိုးလာစေခဲ့ပါတယ်။ ဒီစိတ်ထိခိုက်စရာဖြစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်း မင်းခန့်ရဲ့ အခြေအနေက ပိုဆိုးလာခဲ့ပါတယ်။ ကြွက်သားတွေ ပိုမိုတင်းမာလာပြီး အကြောဆွဲတာတွေလည်း ပိုဖြစ်လာခဲ့ပါတယ်။
"ငလျင်လှုပ်ပြီးနောက်မှာ ကြောက်စိတ်ကြောင့် သူ့ရဲ့ ကြွက်သားတွေက ပိုပြီး တင်းလာတယ်။ အကြောဆွဲတဲ့အကြိမ်ရေလည်း ပိုများလာတယ်" လို့ ဒေါ်ဇင်မာက ပြောပြပါတယ်။ ဒေါ်ဇင်မာတို့ရဲ့နေအိမ်ပျက်စီးခဲ့ရပြီး အနာဂတ်ကလည်း မရေမရာဖြစ်နေပေမယ့် သားဖြစ်သူ မင်းခန့်နဲ့ ဖခင်အတွက် နေ့စဉ်စောင့်ရှောက်ရေးလုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်ပေးနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်းက ငလျင်ဘေးသင့်ဒေသတွေမှာ ဒေါ်ဇင်မာတို့လို မိသားစုများစွာဟာ ခိုလှုံဖို့အဆောက်အဦ၊ ရေ၊ မီး မရှိဘဲ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရသလို ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ရုန်းကန်နေကြရပါတယ်။ နေရာတော်တော်များများမှာ နောက်ဆက်တွဲငလျင်တွေက နေ့စဉ်လှုပ်ခပ်နေဆဲဖြစ်ပြီး စိတ်ပင်ပန်းဆင်းရဲမှုတွေက ပြောမပြနိုင်အောင် ဖြစ်နေကြရပါတယ်။
ငလျင်ဘေးကြောင့် အထိခိုက်ဆုံးသူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ယူနီဆက်က အရေးပေါ်ငွေသားထောက်ပံ့ကြေးတွေ စတင်ထောက်ပံ့ပေးခဲ့ပြီး ကလေးရှိတဲ့မိသားစုတွေနဲ့ မသန်စွမ်းသူရှိတဲ့ မိသားစုတွေကို ဦးစားပေးထောက်ပံ့ပေးထားပါတယ်။ မန္တလေးမြို့နဲ့ အခြားငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများတဲ့ ဒေသတွေမှာ လူပေါင်း ၂၅,၀၀၀ ကျော်ကို ငွေသားထောက်ပံ့ကြေးတွေ ပေးအပ်ထားပြီး နောက်ထပ်ကျေးရွာအသစ်တွေမှာလည်း ထပ်တိုးမှတ်ပုံတင်တာတွေ လုပ်ဆောင်ပေးနေပါတယ်။
အိမ်ထောင်စုတစ်စုလျှင် ၃၆၀,၀၀၀ ကျပ် ( ၈၅ ဒေါ်လာခန့်) ရရှိပြီး မိသားစုတွေအနေနဲ့ သူတို့အလိုအပ်ဆုံးအရာတွေအတွက် သုံးစွဲနိုင်မှာဖြစ်ပါတယ်။
"ကျွန်မတို့အတွက် ဒီထောက်ပံ့ကြေးက တော်တော်အရေးပါပါတယ်" လို့ ဒေါ်ဇင်မာက ပြောပါတယ်။ “အိမ်ပြင်ဖို့အတွက် ၂ သိန်းကိုဖယ်ထားပြီး ကျန်တာကို အိမ်သုံးစရိတ်အတွက် သုံးလိုက်တယ်။ ကျွန်မသားရဲ့အခြေအနေနဲ့ အဖေ့ရဲ့ ကျန်းမာရေးကြောင့် နည်းများမဆို ပံ့ပိုးမှုတိုင်းက အကူအညီဖြစ်ပါတယ်။"
ငလျင်လှုပ်ခတ်ချိန်အတွင်း အုတ်တံတိုင်းပြိုကျမှုကြောင့် ၁၃ နှစ်အရွယ် မောင်လေးကို ဆုံးရှုံးလိုက်ရသူ မဟန်နီကျော်အတွက် ဒီငွေသားထောက်ပံ့မှုက ကြီးမားတဲ့ဆုံးရှုံးမှုကြားက တည်ငြိမ်မှုအနည်းငယ်ကို ပေးစွမ်းနိုင်ပါတယ်။ "ကျွန်တော်တို့ အရင်ကတော့ မိသားစုဝင်ခြောက်ယောက်ပေါ့။ ငလျင်တုန်းက အိမ်ရှေ့က အုတ်နံရံပြိုကျသွားလို့ ကျွန်တော့်ရဲ့အငယ်ဆုံးမောင်လေး အသက်ဆုံးရှုံးခဲ့ပါတယ်" လို့ မဟန်နီကျော်က ပြောပြပါတယ်။ "အမေကတော့ သားအငယ်ဆုံးလေးအတွက် တော်တော်လေး စိတ်ထိခိုက်သွားတာ။ "
မဟန်နီကျော်ရဲ့မိခင် ဒေါ်ယဥ်ယဥ်အတွက်တော့ ငလျင်က မထင်မှတ်ထားတဲ့ အဖြစ်ဆိုးကို ယူလာခဲ့ပါတယ်။ ရက်လည်ပြီး နှစ်ပတ်သုံးပတ်အကြာထိ သားကိုဆုံးရှုံးလိုက်ရတဲ့ အဖြစ်မှန်ကို လက်ခံဖို့ ခက်ခဲနေတုန်းပါပဲ။
"ကျွန်တော့သားလေးက သိပ်ငယ်သေးတယ်" လို့ မိခင်ဖြစ်သူက ရင်ကွဲပက်လက်အသံဖြင့် ပြောပြပါတယ်။
မိသားစုက နေ့စဉ်အခက်အခဲတွေနဲ့ ဆက်ပြီးရင်ဆိုင်နေရတုန်းပါပဲ။ "ငလျင်ကြောင့် အားလုံးကို ဆုံးရှုံးခဲ့ရတယ်" လို့ သူက ပြောပါတယ်။ "ရေလည်း သူများဆီက ယူသုံးနေရတယ်။ မီးလည်းမရှိသေးဘူး။ ညဆိုရင် ဘေးအိမ်က မီးလုံးလေးတစ်လုံးပေးထားတယ်။ စားစရာအတွက်တော့ လာဝေတဲ့စားစရာလေးတွေနဲ့ ဖြစ်သလိုလေး စားကြတယ်" လို့ ဖြည့်ပြီးပြောပါတယ်။
"ပဋိပက္ခတွေ၊ စီးပွားရေးမတည်ငြိမ်မှုတွေ နှစ်နဲ့ချီကြာမြင့်လာချိန်မှာ မိသားစုတွေရဲ့ ငွေရေးကြေးရေးရော၊ ရုပ်ပိုင်း စိတ်ပိုင်းအရရော ဖြေရှင်းနိုင်စွမ်းတွေက နဂိုကတည်းက အားနည်းနေပြီးသားဖြစ်ပါတယ်။ အခုလို ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အရေးပေါ်အခြေအနေမျိုးမှာ မသန်စွမ်းကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ မိသားစုတွေဟာ အားနည်းချက်အရှိဆုံးတွေထဲမှာ ပါဝင်လေ့ရှိပြီး နောက်မှာကျန်ရစ်ဖို့ အလားအလာများပါတယ်။ ဒါကြောင့် အခုလို အရေးပေါ်ငွေကြေးပံ့ပိုးမှုက သိပ်အရေးကြီးပါတယ်” လို့ ယူနီဆက်မြန်မာရဲ့ လူမှုရေးဆိုင်ရာမူဝါဒအကြီးအကဲ Bjorn Gelders ကဆိုပါတယ်။
"မိသားစုတွေရဲ့လက်ထဲကို ငွေသားတိုက်ရိုက်ထည့်ပေးလိုက်တဲ့အတွက် သူတို့ရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ရွေးချယ်ဖြည့်ဆည်းနိုင်သလို ဒေသဈေးကွက်ကိုလည်း ပံ့ပိုးရာရောက်တယ်၊ ရပ်ရွာပြန်လည်ထူထောင်ရေးကိုလည်း အရှိန်မြှင့်စေနိုင်တယ်။"
မြန်မာနိုင်ငံမှာ မုတ်သုံရာသီနီးကပ်လာတာနဲ့အမျှ ငလျင်ဘေးသင့်မိသားစုတွေရဲ့ အန္တရာယ်တွေကလည်း တိုးလာနေပါတယ်။ ယာယီပြုပြင်မှုသာ လုပ်ဆောင်ထားနိုင်တဲ့ ပျက်စီးနေတဲ့အိမ်တွေမှာ နေထိုင်သူတွေအတွက် မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့ ရေကြီးရေလျှံမှုတွေက ယိုင်နဲ့နေတဲ့ အဆောက်အဦးတွေကို လုံးဝပြိုကျပျက်စီးမှုတွေ ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေအပါအဝင် အန္တရာယ်အသစ်အသစ်တွေကို ဖြစ်စေနိုင်ပါတယ်။
"ကျွန်တော်တို့အိမ်ရဲ့ နံရံတွေက အက်ကွဲပြီး စိတ်မချရတော့ဘူး" လို့ မဟန်နီကျော်က ပြောပြပါတယ်။ "မိုးရွာရင် ရေတွေက နေရာအနှံ့ကဝင်လာတယ်၊ နောက်ဆက်တွဲငလျင်တွေလှုပ်တော့ အိမ်ထဲနေရတာ အန္တရာယ်များလွန်းတော့ ကျွန်မတို့ အပြင်ပြေးထွက်ကြရတယ်။ ရေကြီးလာရင် အိမ်လုံးဝပြိုကျသွားမှာ စိုးရိမ်တယ်၊ ဒါဆို ကျွန်မတို့မှာ ဘာမှကျန်တော့မှာ မဟုတ်ဘူး။ ကျွန်မအစိုးရိမ်ဆုံးကတော့ ကလေးတွေပဲ။"
မဟန်နီကျော်ရဲ့ မိသားစုက သူတို့အိမ်ကို ပြန်ပြင်ဖို့ ယူနီဆက်ရဲ့ ငွေသားထောက်ပံ့ကြေးကို လျှောက်ထားခဲ့ကြပါတယ်။ "ကျွန်မတို့ ရှိတာလေးနဲ့ လုပ်နိုင်သမျှလုပ်နေပါတယ်၊ ဒါပေမဲ့ မိုးကကျတော့မယ်" လို့ သူကပြောပြပါတယ်။
ယူနီဆက်ရဲ့ အရေးပေါ်ထောက်ပံ့ကြေးဟာ အရေးပေါ်လိုအပ်ချက်တွေနဲ့ မရေရာမှုတွေကြားက မိသားစုတွေအတွက် အရေးပါတဲ့ ကြားခံတစ်ခုဖြစ်စေမှာဖြစ်ပါတယ်။ ယူနီဆက်က တခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုတွေအပြင် ငွေသားထောက်ပံ့ကြေးတွေနဲ့အတူ မိသားစုတွေ၊ မသန်စွမ်းကလေးငယ်တွေကို လက်ရှိအကျပ်အတည်းကို ဂုဏ်သိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ်နဲ့ ရွေးချယ်မှုတွေနဲ့ ဖြတ်သန်းနိုင်ဖို့ ရည်ရွယ်ပါတယ်။
ဒေါ်ဇင်မာက သူတို့ရဲ့ပျက်စီးနေတဲ့ အိမ်လေးမှာ မင်းခန့်အတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဆက်ပြီးလုပ်ဆောင်ပေးနေပါတယ်။ ငလျင်ကြောင့် အခက်အခဲတွေပိုတိုးလာခဲ့ပေမယ့် ဒေါ်ဇင်မာရဲ့ခိုင်မာတဲ့သန္နိဋ္ဌာန်ကတော့ မယိမ်းယိုင်သေးပါဘူး။
"ကျွန်မတို့အိမ်ပြင်ဖို့ ဒီပိုက်ဆံကိုသုံးမယ်" လို့ သားဖြစ်သူကိုကြည့်ရင်း ပြောပါတယ်။ "ကျွန်မတို့အလိုအပ်ဆုံးအချိန်မှာ ဒီထောက်ပံ့ကြေးရတဲ့အတွက် သိပ်ကျေးဇူးတင်ပါတယ်။"
*ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။