မတ် ၂၈ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံမှာ အင်အား ၇ . ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ချိန်မှာ ကိုယ်ဝန် ၇ လရှိသူ ဒေါ်သန်းသန်းဆင့်က အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံကုတင်ပေါ်မှာ သတိမေ့မြောနေပါတယ်။ ခင်ပွန်းဖြစ်သူက နံရံတွေမပြိုကျခင် သူ့ကိုဘေးလွတ်ရာကို လျင်လျင်မြန်မြန် ချီထုတ်နိုင်ခဲ့တဲ့အတွက်သာ အသက်ဘေးမှလွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူသတိပြန်ရရချင်း ချက်ချင်းသတိရလိုက်သူကတော့ သူ့ရဲ့အိမ်မှာကျန်နေခဲ့တဲ့ ၁၅ နှစ်အရွယ် မသန်စွမ်း သားငယ် အောင်သန်းဖြစ်ပါတယ်။
"ကျွန်မသတိရလာတာနဲ့ ကျွန်မသားအကြောင်းပဲ စဥ်းစားမိတာ။ သူအသက်အန္တရာယ်က မလွတ်မှာကို အရမ်းစိတ်ပူတာပဲ။ သားလေးက ကျွန်မရဲ့ အသက်ပါပဲ"လို့သူကပြောပြပါတယ်။ "သားလေးသာ တစ်ခုခုဖြစ်သွားရင်ကျွန်မဘာလုပ်ရမလဲ သိမှာမဟုတ်တော့ဘူး။ ကျွန်မသူ့ကို နေ့တိုင်းစောင့်ရှောက်လာတာ ၁၅ နှစ်ရှိသွားပြီ။”
ဦးနှောက်အာရုံကြောရောဂါကြောင့် လမ်းမလျှောက်နိုင်၊ စကားမပြောနိုင်တဲ့ အောင်သန်းက နေ့စဉ်စောင့်ရှောက်မှုအတွက် မိခင်ဖြစ်သူကို လုံးလုံးမှီခိုနေရသူဖြစ်ပါတယ်။ ငလျင်လှုပ်ချိန်မှာ နေပြည်တော် ကျောက်ချပ်ကျေးရွာက သူတို့ရဲ့အိမ်လေး ထိခိုက်မှုမရှိခဲ့ပေမယ့်လည်း နောက်ဆက်တွဲငလျင်တွေကို ကြောက်ရတာကြောင့် ညပေါင်းများစွာ အိမ်အပြင်မှာ ထွက်အိပ်ခဲ့ရပါတယ်။ ထိုရက်တွေမှာ အပူချိန်ကလည်း အလွန်ပြင်းထန်သလို၊ ခြင် ယင်တွေရဲ့ ဒဏ်ကိုလည်း ခံရပါတယ်။ လျှပ်စစ်နဲ့ သန့်ရှင်းတဲ့ရေကိုလည်း မရရှိခဲ့ပါဘူး။
ခေါင်းစဉ်-Than Than Sint, seven months pregnant, shared about her anxious moments when her unborn daughter stopped moving for several days following the earthquake.
ဓာတ်ပုံ - © UNICEF Myanmar/2025/Maung Nyan
ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေမှာ နက်ရှိုင်းတဲ့ အမာရွတ်တွေ ထင်ကျန်ရစ်ခဲ့ပါတယ်။ လူပေါင်း ၃,၆၀၀ ကျော် သေဆုံးခဲ့ပြီး သန်းပေါင်းများစွာသော ကလေးများအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းက လူဦးရေ ၉ သန်းကျော်နေထိုင်ရာ မြို့နယ်ပေါင်း ၅၈ မြို့နယ်ကို တိုက်ရိုက်ထိခိုက်ခဲ့ပါတယ်။
နေအိမ်တွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေါ်သန်းသန်းဆင့်တို့လို မိသားစုတွေအတွက် သန့်ရှင်းတဲ့ရေရှာဖွေရခြင်းမှသည် သားသမီးတွေကို ကျန်းမာပြီး ဘေးကင်းအောင်ထားဖို့အထိ နေ့စဉ် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒေါ်သန်းသန်းဆင့်တို့မိသားစုအတွက် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ ရုန်းကန်ရခြင်းမှာ နာကျင်ရတဲ့ အပေးအယူတွေလည်း ပါဝင်ပါတယ်။ သူ့ရဲ့ သားအကြီးဆုံးဟာဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တောက်တိုမယ်ရအလုပ်တွေ လုပ်ရင်း မိသားစုကို ထောက်ပံ့ဖို့ ကျောင်းထွက်ခဲ့တာပါ။ ဒီနှစ် ကျောင်းပြန်ဖွင့်ရင် ကျောင်းပြန်တက်ဖို့ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့်လည်း ငလျင်လှုပ်ခတ်ပြီးနောက်အလုပ်တွေလည်း မရှိတော့သလို ကျောင်းပေါင်းများစွာကလည်း ငလျင်ကြောင့် ပျက်စီးသွားပြီး၊ မလုံခြုံတော့တာကြောင့် ကျောင်းတွေပြန်ဖွင့်ဖို့ဆိုတာလည်း မသေချာနေပါဘူး။
"သူက စာပဲဆက်သင်ချင်ခဲ့တာ" လို့ ဒေါ်သန်းသန်းဆင့်က တိုးတိုးလေးဆိုပါတယ်။ "ဒါပေမဲ့ စားဝတ်နေရေးအတွက်ကြောင့် သားကြီးက အလုပ်လုပ်နေရတာ။ သူ့နောင်ရေးအတွက်တော့ ကျွန်မလည်း ဘာဆက်လုပ်ပေးရမလဲ မသိပါဘူး"
ဒီလိုခက်ခဲမှုတွေကြားကပဲ ဒေါ်သန်းသန်းဆင့်မိသားစုက တစ်ဦးနဲ့တစ်ဦးကြား အားပေးပြီးနေထိုင်နေသလို ငလျင်လှုပ်ပြီးမကြာခင်ချက်ချင်းရောက်ရှိလာတဲ့ အထောက်အပံ့တွေကြောင့်လည်း အားဖြစ်ခဲ့ရပါတယ်။ ယူနီဆက်အဖွဲ့တွေက ရက်ပိုင်းအတွင်း သူတို့နေထိုင်တဲ့ရွာကို ရောက်ရှိလာပြီး အရေးကြီးတဲ့အထောက်အပံ့တွေကို ယူဆောင်လာခဲ့ပါတယ်။ ရေရင်းမြစ်တွေနဲ့ အိမ်သာတွေ ပျက်စီးမှုကြောင့် ယူနီဆက်က မိသားစုတွေကို တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ရေသန့်ဆေးပြားတွေနဲ့ ရေပုံးတွေ ဝေပေးပြီး ကျန်းမာရေးနဲ့အညီ နေနိုင်အောင် ပံ့ပိုးပေးခဲ့ပါတယ်။ ဒေသန္တရကျန်းမာရေးဌာနတွေက ငလျင်ကြောင့် လုပ်ငန်းပြန်လည်ပတ်ဖို့ ရုန်းကန်နေရဆဲအချိန်မှာ ဒေါ်သန်းသန်းဆင့်က ကလေးမီးဖွားမယ့်အချိန်ကို စောင့်နေတဲ့ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနီဆက်ကထောက်ပံ့ပေးခဲ့တဲ့ မွေးကင်းစကလေးများအတွက် အသုံးအဆောင်များက ဘေးကင်းပြီး ကလေးမီးဖွားနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။
ခေါင်းစဉ်-Than Than Sint holds a newborn kit provided by UNICEF, preparing for the arrival of her daughter.
ဓာတ်ပုံ - © UNICEF Myanmar/2025/Maung Nyan
"ယူနီဆက်ရဲ့ အကူအညီတွေက ကျွန်မအတွက်တော့ တကယ့်ကို အသုံးဝင်ပါတယ်”လို့ ဒေါ်သန်းသန်းဆင့်က ဆိုပါတယ်။ "အခုဆို ကျွန်မတို့မှာ သန့်ရှင်းတဲ့ သောက်ရေရောသုံးရေပါရပြီ။ ကျွန်မသမီးလေးမွေးလာရင်လည်း အဆင်သင့်ပါပဲ။”
ငလျင်လှုပ်ပြီးကတည်းက အခြေအနေတွေက မလွယ်ကူခဲ့ပါဘူး။ မိသားစုက ယာယီအခြေအနေမှာ နေထိုင်နေရဆဲဖြစ်ပြီး ဒေါ်သန်းသန်းဆင့်က အနာဂတ်အတွက် စိုးရိမ်နေပါတယ်။ ဒါပေမဲ့လည်း သူက စိတ်ဓာတ်ခိုင်မာနေဆဲဖြစ်ပါတယ်။ "ကျွန်မတို့မိသားစုမှာ တစ်ယောက်အတွက် တစ်ယောက်ရှိနေပေးတဲ့အတွက် ကျွန်မတို့ အားရှိပါတယ်" လို့ သူကဆိုပါတယ်။ "ကျွန်မကလေးတွေ ပြန်ပြီး ဘေးကင်းလုံခြုံစေချင်တယ်၊ ကျောင်းပြန်တက်ပြီး အနာဂတ်အတွက် အိပ်မက်တွေမက်စေချင်တယ်။"
ခေါင်းစဉ်-UNICEF Social and Behavioural Change Officer Kyi Soe explains the contents of the UNICEF newborn kits to expectant mothers.
ဓာတ်ပုံ - © UNICEF Myanmar/2025/Maung Nyan
ယူနီဆက်က ဒေါ်သန်းသန်းဆင့်တို့လိုမျိုး မိသားစုတွေနဲ့အတူ အတူတကွ ဆက်လက်ရပ်တည်နေပြီး အသက်ကယ်ထောက်ပံ့ပစ္စည်းများပေးခြင်း၊ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်းနဲ့ ဒေသခံပြည်သူတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ ပံ့ပိုးကူညီပေးနေပါတယ်။ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် တစ်လအကြာမှာ ငလျင်ဘေးသင့်မိသားစုတွေရဲ့ ခံနိုင်ရည်ရှိမှုနဲ့ ထောက်ပံ့ပေးနေသူတွေရဲ့ စည်းလုံးညီညွတ်မှုအပေါ်မှာ မျှော်လင့်ချက်က မူတည်နေပါတယ်။
ယူနီဆက်က မြေပြင်မှာ ဒေသခံမိတ်ဖက်တွေ၊ ပြည်သူတွေနဲ့အတူ နေ့စဉ်လက်တွဲလုပ်ဆောင်နေပြီး ငလျင်ဘေးသင့်ကလေးငယ်တွေနဲ့ မိသားစုတွေ အထူးသဖြင့် မကြာခင်ရောက်ရှိလာတော့မယ့် မုတ်သုံရာသီမှာ ရေကြီးမှုအန္တရာယ်ကြောင့် ဆင့်ကဲပျက်စီးမှုတွေ၊ အိုးအိမ်စွန့်ခွာရမှုတွေနဲ့ ရောဂါဘယအန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ သူတို့လိုအပ်တဲ့ပံ့ပိုးမှုတွေ ရရှိအောင် လုပ်ဆောင်ပေးလျက်ရှိပါတယ်။
*ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။