မန္တလေးဒိုင်ယာရီ
ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီပံ့ပိုးပေးဖို့ အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးငယ်တစ်ဦးမှ မေတ္တာရပ်ခံ
မတ်လ ၂၈ ငလျင်လှုပ်ခတ်ပြီးချိန်မှာ အသက် ၂၁ နှစ်အရွယ် မေမင်းရဲ့ ဘဝဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှာ အင်အား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ချိန်မှာ သူက မိသားစုအတွက် နေ့လယ်စာပြင်ဆင်ပေးနေချိန်ဖြစ်ပါတယ်။ “နံရံတွေ ယိမ်းလာပြီးတော့ စင်တွေပေါ်ကနေ ပစ္စည်းတွေအကုန် ပြုတ်ကျလာတယ်။ အဲ့ဒီအချိန်မှာ အကြောက်လွန်ပြီး ဘာလုပ်ရမလဲ မသိဖြစ်နေတဲ့အချိန်မှာ အဖေက ပြေးဖို့အော်ပြောမှ သတိပြန်ဝင်လာတာ" လို့ မေမင်းက ပြန်ပြောပြပါတယ်။
မိသားစု အသက်ရှင်ကျန်ပြီး အိမ်လည်း ထိခိုက်မှုမရှိခဲ့ပေမယ့် မေမင်း အိမ်ပြင်ထွက်လိုက်တဲ့အချိန်မှာတော့ မယုံနိုင်လောက်စရာ ပျက်စီးဆုံးရှုံးမှုတွေကို မျက်မြင်ကြုံတွေ့ခဲ့ရပါတယ်။ “အဆောက်အအုံတွေ ပြိုကျနေတယ်၊ လူတွေက လမ်းတွေပေါ်မှာ အော်ဟစ်အကူအညီတောင်းနေကြတယ်” လို့ သူကပြောပါတယ်။ တစ်ချိန်က စည်ကားပျော်ရွှင်နေခဲ့တဲ့ သူ့ရဲ့မြို့လေးဟာ ထိတ်လန့်မှု၊ ပျက်စီးမှုတွေနဲ့ ပြည့်နေတဲ့မြင်ကွင်းအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
အဲဒီနေ့ကစပြီး မန္တလေးမြို့မှာ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး တချို့ငလျင်တွေဆိုရင် အင်အား ၅ အဆင့်လောက်အထိ ရှိခဲ့ပါတယ်။ မန္တလေးဒေသခံအများစုလိုပဲ မေမင်းတို့ဟာလည်း အိမ်ထဲမှာ မနေရဲလို့ သူတို့အိမ်ရှေ့ က မြေကွက်လပ်မှာ ထွက်ပြီးအိပ်နေကြရပါတယ်။ " ကိုယ်ရပ်နေတဲ့ မြေကိုတောင် မယုံရဲတော့သလို ခံစားရတယ်" လို့ သူက ပြောပါတယ်။ “အမြဲတမ်း ထိတ်လန့်ကြောက်ရွံ့ပြီး မျှော်လင့်ချက်မဲ့သလို ခံစားနေရတယ်။"
ငလျင်ကြီးကြောင့် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဝမ်းနည်းမှုများနှင့် ကျန်ရစ်ခဲ့ပါပြီ။ မေမင်းအတွက်တော့ ဝမ်းနည်းတာထက်ကို ပိုပါတယ်။ သူ့ရဲ့ချစ်ရတဲ့ အတန်းဖော်သူငယ်ချင်းက ငလျင်ကြောင့် အိမ်ပြိုပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ "သူက ပျော်ပျော်နေတတ်တဲ့သူ" လို့ မေမင်းက စိတ်မကောင်းစွာနဲ့ ပြန်ပြောပြပါတယ်။ သူ့ကို ရုတ်တရက်ကြီး ဆုံးရှုံးလိုက်ရတာဟာ ဘဝဆိုတာ ဘာမှအစိုးမရဘူးဆိုတာ ကျွန်မကို သတိပေးလိုက်သလိုပါပဲ။”
ကလေးတွေဟာ ဒီကပ်ဘေးမှာ အထိခိုက်အနစ်နာဆုံးသူတွေထဲမှာ ပါပါတယ်။ လူပေါင်းများစွာဟာ အိမ်တွေ ၊ ကျောင်းတွေ၊ မိသားစုတွေကို ဆုံးရှုံးခဲ့ကြရတယ်။ "အပျက်အစီးတွေကြားက မိဘတွေကို ရှာနေတဲ့ကလေးတွေ၊ ပြိုကျသွားတဲ့ အဆောက်အအုံတွေကြားမှာ တိတ်တိတ်လေး ထိုင်နေတဲ့ ကလေးတွေအများကြီးပဲ" လို့ မေမင်းက ပြောပြပါတယ်။ "တကယ်ဝမ်းနည်းစရာကောင်းတယ်။"
မေမင်းက သူကိုယ်တိုင် ကြေကွဲဝမ်းနည်းနေရပေမယ့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဖြစ်ခဲ့ပါတယ်။ သူက ဆေးရုံမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးပြီး သွေးလှူဖို့အတွက်လည်း ကူညီပေးနေပါတယ်။ ဒေသခံလုပ်အားပေးတွေနဲ့အတူ စားစရာနဲ့ ရေတွေကို ဖြန့်ဝေပေးနိုင်အောင်လည်း စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေက အများအပြားကို ရှိနေပါသေးတယ်။ "စားစရာ၊ ရေသန့်၊ ဆေးဝါးနဲ့ လျှပ်စစ်မီးတွေ မရှိဘူး၊ ပြတ်တောက်နေပြီ" လို့ သူက ရှင်းပြပါတယ်။ "ဆရာဝန်တွေကလည်း ရှိတဲ့အင်အားနဲ့ အသက်တွေကို ကယ်နိုင်ဖို့ရုန်းကန်နေကြရပါတယ်။"
မသန့်ရှင်းတဲ့အခြေအနေတွေကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တာကိုလည်း မေမင်းက အလွန်စိုးရိမ်နေပါတယ်။ လမ်းပေါ်မှာ အိပ်စက်နေကြရတဲ့ မိသားစုတွေအနေနဲ့ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေ၊ မသန့်ရှင်းတဲ့ရေကြောင့် ဝမ်းရောဂါလို ရေကြောင့်ဖြစ်တဲ့ရောဂါအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ "ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေတဲ့သူတွေရှိနေပြီ" လို့ သူကပြောပါတယ်။
ဒီလိုအကျပ်အတည်းကာလမှာ ကလေးတွေက ပိုပြီးအန္တရာယ်များပါတယ် - ရောဂါအန္တရာယ်တင်မကဘဲ ဆာလောင်မှုတွေ၊ အိုးအိမ်စွန့်ခွာရမှုတွေ၊ ဆုံးရှုံးမှုတွေကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေရနိုင်တဲ့ အန္တရာယ်တွေဖြစ်ပါတယ်။ ကလေးငယ်များစွာဟာ ငလျင်ဘေးသင့်ပြီးနောက်ဆက်တွဲ ဒုက္ခတွေအပြင် ကစားဖို့၊ စာသင်ဖို့ ဘေးကင်းတဲ့နေရာတွေ မရှိဘဲ နေထိုင်နေကြရပါတယ်။
အခုလို အပျက်အစီးတွေကြားမှာ ယူနီဆက်က မြန်မာနိုင်ငံရဲ့ ထိခိုက်မှုအများဆုံး ဒေသတွေက ကလေးငယ်တွေနဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ပါတယ်။ ငလျင်လှုပ်ခတ်ပြီး ရက်ပိုင်းအတွင်း ယူနီဆက်က သန့်ရှင်းသော သောက်သုံးရေ၊ ကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ အရေးပါသော ဆေးဝါးများ၊ ဆပ်ပြာနှင့် ပိုးသတ်ဆေးများပါဝင်သော တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ၊ ခိုလှုံရန် တဲများနှင့် ကလေးများအတွက် အပန်းဖြေပစ္စည်းများ စသည့် အသက်ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုဟာ ကလေးတွေနဲ့ မိသားစုတွေအတွက် တကယ့်ကို ကပ်ဘေးကြီးတစ်ခုပါပဲ” လို့ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ယူနီဆက် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး June Kunugi ပြောကြားခဲ့ပါတယ်။ ဒီကပ်ဘေးမတိုင်ခင်ကတည်းက ပဋိပက္ခနဲ့ ဆုံးရှုံးနစ်နာမှုအမျိုးမျိုးကို ရင်ဆိုင်နေရတဲ့ သန်းပေါင်းများစွာသော ကလေးငယ်တွေအတွက် ယူနီဆက်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းအားထုတ်မှုတွေကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။
ယူနီဆက် U-Reporter တစ်ဦးဖြစ်တဲ့ မေမင်းက သဘာဝဘေးဒဏ်သင့်ပြည်သူတွေရဲ့ အသံတွေကို ကျယ်ကျယ်ပြန့်ပြန့်ကြားရဖို့အတွက် သူမရဲ့ ပလက်ဖောင်းကို အသုံးပြုခဲ့ပါတယ်။ သူမက နိုင်ငံတကာက ပံ့ပိုးမှုတွေအတွက် အရေးတကြီး မေတ္တာရပ်ခံထားပါတယ်။
“ဝမ်းဗိုက်ဗလာနဲ့ မြေပြင်ပေါ်မှာ အိပ်နေတဲ့ မိသားစုတွေ၊ ပျောက်ဆုံးနေတဲ့ ကလေးတွေကို လိုက်ရှာနေတဲ့ မိဘတွေနဲ့ ပျောက်ဆုံးနေတဲ့ မိဘတွေကို လိုက်ရှာနေတဲ့ ကလေးတွေရှိပါတယ်” လို့ သူမက စိတ်အားထက်သန်စွာ ပြောပါတယ်။ “အချိန်တိုင်းဟာ အရေးကြီးပါတယ် - ကျွန်မတို့ရဲ့ သူငယ်ချင်းတွေ၊ ကျွန်မတို့ရဲ့ မိသားစုတွေ၊ ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းနဲ့ ကျွန်မတို့ရဲ့ အနာဂတ်အတွက်ပါ။"
ဒီအကျပ်အတည်းကာလအတွင်း အထိခိုက်လွယ်ဆုံးဖြစ်တဲ့ ကလေးတွေကို ကာကွယ်ဖို့အတွက် အကူအညီများ အရေးတကြီးလိုအပ်ကြောင်း –အစားအစာ၊ သန့်ရှင်းတဲ့ရေ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စိတ်ဒဏ်ရာမှ ပြန်လည်သက်သာလာစေဖို့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ရရှိစေလိုကြောင်း မေမင်းက အလေးပေးပြောကြားခဲ့ပါတယ်။
မန္တလေးမြို့ ပြန်လည်ထူထောင်ဖို့အတွက် ရှည်လျားတဲ့ခရီးစဉ်ကို စတင်ချိန်မှာ မေမင်းကလည်း အသက်ရှင်သန်ဖို့အတွက်သာမက သူ့မွေးရပ်မြေအတွက် မျှော်လင့်ချက်အပြည့်နဲ့ ကုစားပေးဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။ သူ့ရဲ့ကြံ့ကြံ့ခံနိုင်ရည်စွမ်းက စိန်ခေါ်မှုတွေကြားက ကိုယ့်မြို့ကိုယ့်ရွာအတွက် လက်မလျှော့တဲ့ မြန်မာလူငယ်တွေရဲ့ ခွန်အားကို သက်သေပြနေပါတယ်။
*ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။