ဆယ်စုနှစ်များစွာအတွင်းမြန်မာနိုင်ငံ၏ အထိအခိုက်အများဆုံး မြေငလျင်လှုပ်ခတ်ပြီးနောက်တွင် သန်းနှင့်ချီသော ကလေးသူငယ်များသည် ဆိုးဆိုးရွားရွားအန္တရာယ် ကျရောက်နိုင်ချေ ရှိနေပါသည်
၂၀၂၅ ခုနှစ် ဧပြီလ ၀၁ ရက်။
အိမ်များ၊ ကျောင်းများ၊ ဆေးရုံများနှင့် အရေးကြီးသော အခြေခံအဆောက်အအုံများ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားသောကြောင့် လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်ပေးရန် ယူနီဆက်အနေနှင့် တောင်းဆိုပါသည်
နယူးယောက်/ဘန်ကောက်/ရန်ကုန် – မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် အင်အား ၇.၇ မက်ဂနီကျု့ရှိသော အပျက်အစီး များပြားလှသည့် မြေငလျင် လှုပ်ခတ်ပြီးနောက်တွင်၊ နဂိုကတည်းက ဆိုးရွား သော လူသားချင်းစာနာထောက်ထားမှု အခြေအနေ နှင့် ကြုံတွေ့နေ သော သန်းနှင့်ချီသော ကလေးသူငယ်များအတွက် အန္တရာယ်ကျရောက်နိုင်ချေ ရှိနေပါသည်။.
အချိန်ကြာလာသည်နှင့်အမျှ လိုအပ်ချက်များ တိုးမြင့်လာနေပြီး နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နေသောကြောင့် ကလေးသူငယ်များနှင့် မိသားစုများအပေါ် သက်ရောက်မှု ပိုမိုများပြားလာနိုင်သည်ကို ယူနီဆက်အနေဖြင့် သတိပေးလိုပြီး ကလေးသူငယ်များနှင့် မိသားစုများအတွက် အသက်ကယ်ဆယ်ရန် ကြိုးပမ်းအားထုတ်မှုများကို လျင်လျင်မြန်မြန် ထောက်ပံ့ပေးနိုင်ရန် နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုလိုပါသည်။
“နဂိုကတည်းက ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှုနဲ့ ဆင်းရဲမွဲတေမှုတွေနဲ့ နေထိုင်နေရတဲ့ မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် ဒီမြေငလျင်က ထပ်ဆင့်ထိုးနှက်ချက်တစ်ခုပါပဲ”ဟု ယူနီဆက်၏ အမှုဆောင်ဒါရိုက်တာ ကတ်သရင်းရပ်ဆဲလ်က ပြောသည်။ “သူတို့ဟာ မိနစ်ပိုင်းအတွင်းမှာပဲ ချစ်ခင်ရသူတွေ၊ အိမ်တွေနဲ့ အခြေခံဝန်ဆောင်မှုတွေကို ဆုံးရှုံးသွားကြပါတယ်။ လိုအပ်ချက်တွေက အင်မတန်မှ ကြီးမားပြီး အချိန်နဲ့အမျှ ပိုပြီးတိုးမြင့်လာပါတယ်။”
မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များသည် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူးနှင့် ရှမ်းပြည်နယ်တို့ အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တစ်ဝန်းလုံးတွင် ထိခိုက်ပျက်စီးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။ တရားဝင် ထုတ်ပြန်ချက်များအရ လူဦးရေ ၁၆၀၀ ကျော် သေဆုံးခဲ့ပြီး ၃၄၀၀ ကျော် ဒဏ်ရာရရှိထားပါသည်။ ဤတွင် ကလေးသူငယ်များလည်း အများအပြား ပါဝင်ပါသည်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး ဤကပ်ဘေး၏ ပျက်စီးမှုအတိုင်းအတာ သိသာထင်ရှားလာသည်နှင့်အမျှ သေဆုံးထိခိုက်မှုများ မြင့်တက်လာလိမ့်မည်ဟု ယူဆရပါသည်။
အိမ်များ၊ ကျောင်းများ၊ ဆေးရုံများနှင့် အရေးကြီး အခြေခံအဆောက်အအုံများသည် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရသည်။ မြေပြိုကျမှုများနှင့် လမ်းပိတ်ဆို့ပျက်စီးမှုများကြောင့် လူမှုအသိုက်အဝန်းအများအပြားသည် လျှပ်စစ်ဓာတ်အားနှင့် မိုဘိုင်းဖုန်းလိုင်းများ ပြတ်တောက်နေသည်။
မူလကတည်းက အထိအခိုက်လွယ်သည့် အခြေအနေများတွင် ရှင်သန်နေရသည့် မိသားစုများအဖို့ သန့်ရှင်းသည့် သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အမိုးအကာတို့အတွက် အကန့်အသတ်များ ရှိလာသောကြောင့် ယခုအခါ ပို၍ကြီးမားသော အခက်အခဲများကို ရင်ဆိုင်နေကြရသည်။
ကလေးသူငယ်များသည် အဆိုးဆုံး သက်ရောက်မှုခံရသူများအထဲတွင် ပါဝင်ပြီး အနာတရ ဖြစ်နိုင်ခြေ တိုးမြင့်လာခြင်း၊ စိတ်ဒဏ်ရာရခြင်း၊ ၄င်းတို့၏ မိသားစုများနှင့် တကွဲတပြားဖြစ်ခြင်းနှင့် ၄င်းတို့ ရရှိထားသော တည်ငြိမ်မှုအနည်းငယ်ပင် ပျက်စီးဆုံးရှုံးသွားနိုင်ခြင်းတို့ကို ရင်ဆိုင်နေရသည်။ ယူနီဆက်၏ အဖွဲ့များသည် အပြင်းထန်ဆုံး ထိခိုက်ခံထားရသည့် နယ်မြေဒေသများတွင် ကွင်းဆင်းဆောင်ရွက်နေပြီး လိုအပ်ချက်များကို ဆန်းစစ်ရန်နှင့် အရေးပေါ်အထောက်အပံ့များ ပို့ဆောင်နိုင်ရန် မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့များနှင့် အတူတကွ လုပ်ကိုင်ဆောင်ရွက်နေသည်။
ကနဦး တုံ့ပြန်ချက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ယူနီဆက်သည် ကျန်းမာရေးအသုံးအဆောင်များ၊ ဆေးပစ္စည်းများ၊ ရွက်ဖျင်တဲများ၊ ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းနှင့် ပိုးသတ်ဆေးရည်ကဲ့သို့ တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်များအပါအဝင် အသက်ကယ်အထောက်အပံ့ပစ္စည်း မက်ထရစ်တန် ၈၀ ကို အရေးတကြီး လိုအပ်နေသော ကလေးသူငယ်များနှင့် မိသားစုများထံသို့ ချက်ချင်းလက်ငင်း ပို့ဆောင်ရန်အတွက် အသင့်ပြင်ထားသည်။
“မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ ကပ်ဘေးတစ်ခုပေါ် တစ်ခုဆင့်ပြီး ကြုံတွေ့နေရပါတယ်”ဟု ရပ်ဆဲလ်က ပြောသည်။ “ယူနီဆက်အနေနဲ့ အသက်ကယ်ဆယ်ရေး အလုပ်တွေကို တိုးမြှင့်လုပ်ဆောင်နေပြီး နိုင်ငံတကာ အသိုက်အဝန်းကလည်း တုံ့ပြန်ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ကလေးသူငယ်တွေနဲ့ သူတို့မိသားစုတွေရဲ့ အသက်တွေကို ကယ်ဆယ်ပြီး ကာကွယ်ပေးဖို့အတွက် အရင်းအမြစ်တွေ ထပ်ပြီးတော့ လျင်လျင်မြန်မြန် လိုအပ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ အရေးတကြီး လိုအပ်နေသူတွေကို ကူညီနိုင်ဖို့အတွက် ငလျင်ဒဏ် သက်ရောက်တဲ့ ဒေသတွေကို လုံလုံခြုံခြုံ၊ မြန်မြန်ဆန်ဆန်နဲ့ အတားအဆီးမရှိ သွားရောက်နိုင်ဖို့ လိုပါတယ်။”
မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံးတွင် အရှုပ်ထွေးဆုံး လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အခြေအနေများထဲက တစ်ခု ဖြစ်သည်။ မြေငလျင် မလှုပ်ခတ်မီကပင် ကလေးသူငယ် ၆.၅ သန်းကျော်သည် အထောက်အပံ့ လိုအပ်နေပြီး နေရပ်စွန့်ခွာရသူ သုံးပုံတစ်ပုံသည် ကလေးသူငယ်များ ဖြစ်သည်။ သို့သော် လူသားချင်းစာနာထောက်ထားမှုအရ တုံ့ပြန်မှုများသည် ရန်ပုံငွေလိုအပ်ချက် အလွန်အမင်း နည်းပါးနေပြီး ၂၀၂၅ ခုနှစ် ကလေးသူငယ်များအတွက် လူသားချင်းစာနာထောက်ထားရေးလှုပ်ရှားမှု မေတ္တာရပ်ခံတောင်းဆိုချက်၏ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ ယနေ့အထိ ရရှိထားပါသည်။
မြေငလျင်ဒဏ် ခံထားရသည့် ကလေးသူငယ်များနှင့် မိသားစုများအတွက် သန့်ရှင်းသော သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အကာအကွယ်၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးအရ အထောက်အပံ့နှင့် အရေးပေါ်ပညာရေးအပါအဝင် အသက်ကယ်အထောက်အပံ့များ ပေးပို့ခြင်းကို တိုးမြှင့်နိုင်ရန်အတွက် ယူနီဆက်အနေဖြင့် အရေးပေါ် ရန်ပုံငွေများ တောင်းခံအပ်ပါသည်။