သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကိုယ်စား ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)၏ ငလျင်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်။

(အလွတ်သဘော ဘာသာပြန်ဆိုချက်)

ရန်ကုန် - ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ လှုပ်ခတ်ခဲ့သော ပြင်းထန်သည့် ငလျင်များကြောင့် ကြီးစွာသော အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ များစွာ ဖြစ်ပေါ်ခဲ့သည်ကို မြန်မာနိုင်ငံရှိကုလသမဂ္ဂအနေဖြင့် နက်နက်ရှိုင်းရှိုင်း စိတ်ထိခိုက်ဝမ်းနည်းရပါသည်။ ဤဘေးအန္တရာယ်ဖြစ်ပွားမှု ပမာဏမှာ လွန်စွာ ကြီးမားပါသည်။ လူမှုအသိုက်အဝန်း တစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့သကဲ့သို့ အရေးပါသည့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ပြီး လူပေါင်းများစွာ အကူအညီများ အရေးပေါ် လိုအပ်နေပါသည်။ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များအရ အသက်ဆုံးရှုံးမှုများစွာ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေချိန် ဖြစ်သောကြောင့် လူအများအပြားလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါသည်။ သို့သော် ဤကပ်ဘေး၏ ပကတိအခြေအနေကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။ 

"ဤကြေကွဲဖွယ်အဖြစ်အပျက်ကြောင့် ထိခိုက်ခံစားရသူအားလုံးနှင့်အတူ ကျွန်တော်တို့ တသားတည်း ရှိနေပါသည်။ စာနာဂရုဏာသက်မိပါသည်” ဟု ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ မာကိုလူဂျီ ကော်စီမှ ပြောပါသည်။ ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများကို ကူညီထောက်ပံ့ရန် အရေးတကြီး ဆော်သြစည်းရုံးနေပြီး မည်သည့်နေရာဒေသတွင်မဆို ငလျင်ဒဏ်သင့်ခဲ့သည့် လူမှုအဖွဲ့အစည်းအားလုံးကို ကူညီထောက်ပံ့ရန် အသင့်ရှိနေပါသည်။ 

ရစ်ချ်တာစကေး ၇.၇ နှင့် ၆.၄ ပြင်းအားရှိသော ငလျင်များသည် မန္တလေးနှင့် စစ်ကိုင်းမြို့အနီးတဝိုက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး ပဲခူး၊ မကွေး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်အချို့ဒေသများတွင်ပါ သက်ရောက်မှုများရှိခဲ့သည်။ ငလျင်ဒဏ်သင့်ခဲ့သောဒေသများရှိ ဆေးရုံများတွင် လူနာများဖြင့် ပြည့်ကျပ်နေပြီး ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများမှာလည်း ဆိုးဆိုးရွားရွား ပြတ်တောက်နေပါသည်။ နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်သည့် စိုးရိမ်မှုများကြောင့် လူထောင်ပေါင်းများစွာသည် ပျက်စီးနေသော အိမ်များသို့ ပြန်မဝင်ရဲဘဲ ပြင်ပတွင် အိပ်စက်နေကြရသည်။

"ဤငလျင်မလှုပ်မီကတည်းက မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၂၀ နီးပါးသည် လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေပြီးဖြစ်သည်" ဟု မစ္စတာကော်စီက အလေးပေးပြောကြားခဲ့သည်။ "ဤနောက်ဆုံးကြေကွဲဖွယ်ဖြစ်ရပ်သည် ယခင်ကတည်းက ဆိုးရွားနေသော အကျပ်အတည်းကို ပိုမိုဆိုးဝါးစေပြီး ပဋိပက္ခ၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် ယခင်က ဘေးအန္တရာယ်များကြောင့် အကြိမ်ကြိမ်ဘေးသင့်ခဲ့ရသော လူမှုအဖွဲ့အစည်းများ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ပိုမိုကျဆင်းစေနိုင်သည်။" ဟုလည်း ပြောပါသည်။ 

မြန်မာနိုင်ငံတွင်းရှိ လူသားချင်းစာနာထောက်ထားရေးအဖွဲ့သည် ကုလသမဂ္ဂအေဂျင်စီများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသန္တရ အာဏာပိုင်များ၊ ကျေးရွာအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ အရေးပေါ်လိုအပ်ချက်များကို ဆန်းစစ်အကဲဖြတ်ခြင်းများကို အလျင်အမြန် လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် ယခုကဲ့သို့သော ဘေးအန္တရာယ်များတွင် ပိုမိုခံစားခဲ့ကြရသည့် အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏လိုအပ်ချက်များကို အထူးဂရုပြုဆောင်ရွက်လျက်ရှိပါသည်။ ချက်ချင်းတုံ့ပြန်ဆောင်ရွက်မှုများအပြင် ဤအကျပ်အတည်းသည် ပြန်လည်ထူထောင်ရေး လုပ်ငန်းရပ်များကို မြှင့်တင်ရန်နှင့်  အနာဂတ်တွင် ထပ်မံကြုံတွေ့နိုင်သော ဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိနိုင်စေသည့် အစီအမံများတွင် ရင်းနှီးမြှုပ်နှံရန် အရေးတကြီးလိုအပ်ကြောင်း မီးမောင်းထိုးပြနေသည်။

ကုလသမဂ္ဂအဖွဲ့များနှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် အသက်ကယ် တုံ့ပြန်ဆောင်ရွက်မှုများအတွက် ကနဦးငွေ ဒေါ်လာ ၁၅ သန်းကို စုပေါင်း ထည့်ဝင်ထားခဲ့ပြီး အရေးပေါ်သုံးပစ္စည်းများကို စုစည်းထားရှိခဲ့သည်။ ၎င်းတို့ကို အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့များ၊ ခိုလှုံစရာ ပစ္စည်းများ၊ အရေးပါသည့် တကိုယ်ရေသုံးပစ္စည်းများနှင့် စားနပ်ရိက္ခာအထောက်အပံ့တို့အတွက် ခွဲဝေသုံးစွဲနေပါသည်။

ကျွန်တော်တို့တွေသည် မန္တလေးနဲ့ အနီးတဝိုက်ဒေသတွေမှာ သိသာထင်ရှားစွာ ရှိနေပြီး ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများရှိနေပေမယ့်လည်း အကူအညီလိုအပ်နေသူများထံ ရောက်ရှိဖို့ ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားလျက်ရှိသည်။ ဒါပေမဲ့လည်း ရှေ့လာမယ့် ရက်သတ္တပတ်တွေမှာ အများကြီး ပိုလိုအပ်လာမှာပါ။ မြန်မာပြည်သူတွေသည် နိုင်ငံတကာ အသိုင်းအဝန်းတစ်ခုလုံး၏ ခိုင်မာသော ထောက်ပံ့ကူညီမှုကို အခုလက်ငင်းကို လိုအပ်နေတာ ဖြစ်ပါသည်။ ဟု မစ္စတာကော်စီမှ ပြောကြားထားပါသည်။

ကုလသမဂ္ဂအနေဖြင့် လူသားချင်းစာနာထောက်ထားရေးယာဉ်တန်းများ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် အကဲဖြတ်ရေးဆိုင်ရာအဖွဲ့များအား မည်သည့် နေရာဒေသ သို့မဟုတ် ထိန်းချုပ်မှုများမရှိဘဲ ဘေးဒဏ်သင့်သည့် ဒေသများသို့ အတားအဆီးမရှိ သွားရောက်နိုင်ရေးအတွက် တောင်းဆိုပါသည်။

ထို့အပြင် တုံ့ပြန်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်နေသည့်  လိုအပ်သလိုသုံးစွဲနိုင်သည့် ရန်ပုံငွေများကို ဆောလျင်စွာ ထောက်ပံ့ပေးကြပါရန် အလှူရှင်များအား ကုလသမဂ္ဂမှ အရေးတကြီးတောင်းဆိုပါသည်။

အကျပ်အတည်း ပိုမို မဆိုးရွားလာစေရန် အချိန်မီထောက်ပံ့ကူညီမှုသည် ယခင်ကထက်ပင် အရေးကြီးနေပါသည်။ 

Christian Lamarre

Christian Lamarre

RCO
Head of Office
generic profile

ရဲထက်အောင်

UNIC
ပြန်ကြားရေး အရာရှိ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ