သတင်းထုတ်ပြန်ချက်

မီဒီယာထုတ်ပြန်ချက် - ဒုက္ခသည်များအား အကာအကွယ်ပေးရေးဒေသတွင်း မူဘောင်ရေးဆွဲရန်နှင့် အတင်းအကြပ် နေရပ်ပြန်ပို့ခြင်းကို အဆုံးသတ်ရန် အထူးသံတမန် မစ္စ နိုလင်းဟေဇာ တိုက်တွန်း

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်။

နယူးယောက်။  ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စနိုလင်းဟေဇာသည် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများနှင့် ရန်ကုန်တွင် ဖမ်းဆီးခံရပြီး အန္တရာယ်ရှိနေသူများအပါအ၀င် မြန်မာနိုင်ငံသားများကို အတင်းအကြပ် နေရပ်ပြန်ပို့ခြင်းအပေါ် စိုးရိမ်ကြောင်း ယနေ့ ပြောဆိုလိုက်သည်။ ၎င်းအပြင် ဒုက္ခသည်များအား အကာအကွယ်ပေးရေး ဒေသတွင်းမူဘောင်တစ်ခုကို ပူးတွဲရေးဆွဲရန် နှင့် အတင်းအကြပ် နေရပ်ပြန်ပို့ခြင်းကို အဆုံးသတ်ရန် ဒေသတွင်းနိုင်ငံများကို တိုက်တွန်းသည်။

အထူးသံတမန်သည် ယခုရုံးပိတ်ရက်အတွင်း ကချင်ပြည်နယ်တွင် ပွဲတော်တစ်ခုကျင်းပနေချိန် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံးရသည့် ဖြစ်ရပ်အပါ၀င် လတ်တလော တိုက်ခိုက်မှုများ ကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအ၀ေးတွင် အထူးသံတမန်သည် မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်သော အထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာကို မိတ်ဆက်ပြီး ရခိုင်ပြည်နယ်ရှိ ဆိုးရွားနေဆဲ အကြမ်းဖက်မှုများ အပါအ၀င် လတ်တလော ဖြစ်ရပ်များကို ဖြည့်စွက်တင်ပြခဲ့သည်။ အထွေထွေညီလာခံသည် လူမှုရေး၊ လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များနှင့် လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်သည်များကို တတိယကော်မတီအစည်းအ၀ေးတွင် ထည့်သွင်းဆွေးနွေးခွင့် ပေးထားသည်။

“မကြာသေးမီက မြန်မာနိုင်ငံသားအချို့ အတင်းအကြပ် ပြန်ပို့ခံရသော ဖြစ်ရပ်က ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော ဒေသတွင်းစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံ၏ ပေါင်းစပ်ညှိနှိုင်း တုံ့ပြန်မှု အရေးတကြီး လိုအပ်နေသည်ကို အလေးပေးဖော်ပြနေပါသည်။” ဟု အထူးသံတမန်က ပြောကြားခဲ့သည်။ “နောက်ထပ် ပြည်သူများစွာ အကြမ်းဖက်မှုများမှ ထွက်ပြေးရနိုင်တယ်ဆိုတာကို လက်ခံထားသည့် အခြေအနေမှာ ဒုက္ခသည်များနှင့် အဓမ္မ ရွှေ့ပြောင်းနေထိုင်ရသူတွေ အတွက် ဒေသတွင်း မူဘောင်တစ်ခု ရေးဆွဲဖို့ အာဆီယံကို ဆက်လက် တိုက်တွန်းသွားပါမည်။”

အတင်းအကြပ် ပြန်ပို့ခံရသော မြန်မာနိုင်ငံသားအားလုံးကို နိုင်ငံတကာ ဥပဒေနှင့်အညီ ဆက်ဆံရမည်ဟု အထူးသံတမန်က အလေးပေးပြောကြားပြီး၊ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် အထွေထွေအတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်ကို ထပ်လောင်း ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့ကလည်း ထိုအချက်ကို တိုက်တွန်း တောင်းဆိုထားသည်။

နို၀င်ဘာလတွင် ကျင်းပမည့် အာဆံယံညီလာခံမတိုင်ခင် ဒုက္ခသည်များ အကာအကွယ်ပေးရေး ဒေသတွင်း မူဘောင်တစ်ခုကို ရေးဆွဲရန်အတွက် အရေးတကြီးဆွေးနွေးမှု ပြုလုပ်ရန် အာဆီယံအဖွဲ့၀င်နိုင်ငံများကို အထူးသံတမန် က တောင်းဆိုခဲ့သည်။ ထိုမူဘောင်သည် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများကို မူရင်းနိုင်ငံသို့ပြန်မပို့ရေး အခြေခံမူကို လေးစားသော၊ လူ့အခွင့်အရေးကို ကာကွယ်သော၊ ဒေသတွင်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ဖြည့်ဆည်းသော မူဘောင်တစ်ခု ဖြစ်ရမည်။ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန် မြန်မာနိုင်ငံမှ ကိုယ်တိုင်ဦးဆောင်သော အားလုံးပါ၀င်သည့် လုပ်ငန်းစဉ် ပေါ်ထွက်ရေးအတွက် သက်ဆိုင်သူများ အားလုံးနှင့် ထိတွေ့ဆက်ဆံရန်အတွက် အထူးသံတမန်သည် အာဆီယံအထူးကိုယ်စားလှယ်နှင့် နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်။ ထို့အပြင် ပဋိပက္ခကြောင့် ဒေသတွင်း ဂယက်ရိုက်ခတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ပေါင်းစပ်ညှိနှိုင်းတုံ့ပြန်မှု ရရန်လည်း ဆောင်ရွက်သွားမည်။

မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံ အကျပ်အတည်း ပိုမိုဆိုးရွားလာသည်နှင့်အမျှ လူဦးရေ ၁၃.၂ သန်းကျော်သည် စားနပ်ရိက္ခာမဖူလုံမှုနှင့် ကြုံနေရသည်။ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်၌ နေထိုင်ကြရပြီး၊ နောက်ထပ် လူဦးရေ ၁.၃ သန်းမှာလည်း ပြည်တွင်း အိုးအိမ်မဲ့ ဖြစ်နေကြရသည်။ ပိုမိုဆိုးရွားလာ နေသော အကြမ်းဖက်မှုများကြောင့် တင်းမာမှုလျော့နည်းစေရေး ပြောဆိုနိုင်သည့် အခြေအနေ အနည်းအကျဉ်း သာ ရှိသော်လည်း ပြည်သူများ၏ ဘေးဒုက္ခကို လျှော့ချရန် တိကျခိုင်မာသော နည်းလမ်းများကို အထူးသံတမန်က မီးမောင်းထိုးပြခဲ့သည်။ ထိုအထဲတွင် ဒုက္ခသည်များနှင့် အဓမ္မ ရွှေ့ပြောင်းနေထိုင်ရသူများအတွက် ဒေသတွင်း မူဘောင်တစ်ခု ရေးဆွဲခြင်း၊  ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ နေရပ်ပြန်နိုင်ရေး ပြင်ဆင်ရန်အတွက် ပညာရေးနှင့် ကျွမ်းကျင်မှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးပေးခြင်း၊ လူသားချင်းစာနာမှုအကူအညီ ပေးရေးနှင့် အကာအကွယ်ပေးရေးအတွက် ထိတွေ့ဆက်ဆံနိုင်သော အားလုံးပါ၀င်သော ဖိုရမ်တစ်ခုဖွဲ့စည်းရန် တင်ပြခြင်း နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံတွင် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS) လုပ်ငန်းစဉ်ကို စတင်မိတ်ဆက်ခြင်းတို့ ပါ၀င်သည်။

အထူးသံတမန်သည် ရိုဟင်ဂျာ ဒုက္ခသည်များ၊ အခြား အဓမ္မ ရွှေ့ပြောင်းနေထိုင်ရသူများ နှင့် ၎င်းတို့ကို လက်ခံပေးထားသော လူမှုအသိုင်းအ၀ိုင်းများနှင့် အတူတကွ ရပ်တည်ရေး ထပ်မံကြိုးပမ်းရန် ဒေသတွင်းနှင့် နိုင်ငံတကာအား တိုက်တွန်းသည်။ ရိုဟင်ဂျာများ၊ အမျိုးသမီးများနှင့် လူငယ်များ အပါအ၀င် အခြား အကူအညီ အလိုအပ်ဆုံးသူများကို ၎င်းတို့၏အနာဂတ်နှင့်ပတ်သက်သော ဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း များတွင် တိုက်ရိုက်ထိတွေ့ဆက်ဆံရမည်ကို အလေးထား ပြောကြားသည်။

နိုင်ငံတကာ၏ ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးကူညီမှုသည် ရိုဟင်ဂျာဒုက္ခသည် ၁ သန်းခန့်ကို လက်ခံပေးထားပြီး ၀န်နှင့်အားမမျှသော ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ လူသားချင်းစာနာမှု အကျပ်အတည်းဖြေရှင်းရန် လုပ်ဆောင်သော ပူးတွဲတုံ့ပြန်ရေး အစီအစဉ် (JRP) အတွက် မရှိမဖြစ် ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် ပူးတွဲတုံ့ပြန်ရေး အစီအစဉ် (JRP) သည် လက်ရှိတွင် ၄၉% သာ ရန်ပုံငွေထောက်ပံ့မှု ရရှိထားသည်။

generic profile

Jeremy Walden-Schertz

Media and Communications Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ