သတင်းထုတ်ပြန်ချက်

မီဒီယာ ထုတ်ပြန်ချက် - မလေးရှားနိုင်ငံ ခရီးစဉ်အတွင်း ကုလသမဂ္ဂ အထူးသံတမန်သည် ရိုဟင်ဂျာများ အတွက် သစ်လွင်သော ဖြေရှင်းနည်းများ ရှာဖွေရန် နှင့် အားလုံးပါ၀င်သော ထိတွေ့ဆက်ဆံမှုလုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်။

ကွာလာလမ်ပူ - မလေးရှားနိုင်ငံခြားရေး ၀န်ကြီး Saifuddin Abdullah ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ သွားရောက်ခဲ့သည့် နှစ်ရက်တာခရီးစဉ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန် နိုလင်းဟေဇာ (Noeleen Heyzer) သည် အာဆီယံတွင် ရိုဟင်ဂျာဒုက္ခသည် ဦးရေ အများဆုံး လက်ခံထားသည့် မလေးရှားအစိုးရနှင့် ပြည်သူများကို ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

အထူးသံတမန်သည် မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob၊ နိုင်ငံခြားရေး၀န်ကြီးတို့နှင့်အတူ  မြန်မာနိုင်ငံအရေး ဆွေးနွေးရာတွင် ရလဒ်ကောင်းများ ထွက်ပေါခဲ့သည်။ စစ်တပ်၏ သေဒဏ်ပေးမှုများသည် လူပုဂ္ဂိုလ်တစ်ဦးဦး၏ ဘ၀ရှင်သန်မှု၊ လွတ်လပ်မှုနှင့် လုံခြုံမှုဆိုင်ရာအခွင့်အရေးများကို ဗြောင်ကျကျ ချိုးဖောက် ခြင်းပင် ဖြစ်သည်ဟု  အထွေထွေအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်ကို အထူးသံတမန်က သဘောတူပါသည်။ ဒီမိုကရေစီလိုလားသူ ခေါင်းဆောင်များကို ကွပ်မျက်ခြင်းသည် လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်ဖြစ်သော သေဒဏ်အပြစ်ပေးမှုအား ပယ်ဖျက်ရန်၊ တွေ့ဆုံဆွေးနွေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းရန်ဟူသော တောင်းဆိုချက်များအပြင် အထွေထွေ ညီလာခံ၏ တောင်းဆိုချက်ဖြစ်သော အကြမ်းဖက်လုပ်ရပ်များ၊ မတရားဖမ်းဆီးမှုများမှ ရှောင်ကြဉ်ရန်နှင့် လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာရန်ဟူသော တောင်းဆိုချက်များကို ပြတ်ပြတ်သားသား ဖီဆန်လိုက်ခြင်း ဖြစ်သည်။

ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ သဘောတူညီချက် ငါးရပ်အပါအ၀င် သေဒဏ်ကွပ်မျက်မှုများ ရပ်တန့်ရေးအတွက် အာဆီယံအဖွဲ့၏ကြိုးပမ်းမှုများ ပါ၀င်ပြီး၊ အာဆီယံနိုင်ငံ အကြီးအကဲများနှင့် နိုင်ငံခြားရေး ဝန်ကြီးများ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ အထူးသံတမန် နှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု ရှိရေးကို အလေးထား ဆွေးနွေးခဲ့ကြသည်။ ရှေ့လုပ်ငန်းစဉ်တွင် အားလုံးပါ၀င်သော ထိတွေ့ဆက်ဆံမှု လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေကြောင်း အလေးပေး ပြောဆိုခဲ့သည်။

မလေးရှားနိုင်ငံခြားရေး၀န်ကြီးနှင့် ဆွေးနွေးစဉ်အတွင်း အထူးသံတမန်သည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် များနှင့် အခြားအခြေမဲ့ရွှေ့ပြောင်းနေထိုင်ရသူများ၏ “မျိုးဆက်ပျောက်ဆုံးမှု”ကို တားဆီးရန်အတွက် ပညာပေးမှု များ လုပ်ဆောင်ရေး၊ မလေးရှားရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည်များအတွက် အကာအကွယ် ပေးရေးနှင့် တရားဝင်အလုပ်အကိုင်ရရှိရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် အခြားလူ့အသိုင်းအ၀ိုင်းများ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခံရပြီး ငါးနှစ်နီးပါးအကြာတွင် အထူးသံတမန်က တစ်ဆို့နေမှုများကို ကျော်လွှားပစ်ရန် ဆန်းသစ်သော အတွေးအခေါ် လိုအပ်ပြီး၊ ရိုဟင်ဂျာများနှင့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများတွင် ၎င်းတို့ကို လက်ခံထားပေးသော လူမှု အသိုင်းအ၀ိုင်းများအတွက် အထောက်အပံ့များ ခိုင်မာအားကောင်းစေရန် လိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။ ရိုဟင်ဂျာအရေး၏ အရင်းခံပြဿနာများကို ဖြေရှင်းရန်သည် မြန်မာနိုင်ငံ၏ တာ၀န်သာဖြစ်ပြီး၊ ဒုက္ခသည်များနှင့် အဓမ္မ ရွှေ့ပြောင်းခံရသူများ အားလုံး၏ ဆန္ဒအရ ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိရှိ စဉ်ဆက်မပြတ် နေရပ်ပြန် နိုင်ရေးအတွက် အဖြေရှာရန် အထူးသံတမန်က အလေးပေးပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသည် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အပြင် ၇၇ ကြိမ် မြောက် အထွေထွေညီလာခံ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည့်အတွက် အထူးသံတမန်သည် အာဆီယံအဖွဲ့အတွင်း မလေးရှားနိုင်ငံ၏ အဓိကအခန်းကဏ္ဍကို အသိအမှတ်ပြုသည်။ ဩဂုတ်လအစောပိုင်းတွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီတွင် အထူးသံတမန်သည် အာဆီယံအဖွဲ့ကြီး၏ ရခိုင်ပြည်နယ်ဆိုင်ရာ ကတိကဝတ် တစ်စိတ်တစ်ပိုင်းအဖြစ် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်၏ အရေးကြီးသော အခန်းကဏ္ဍကို အသိအမှတ်ပြုပါသည်။ အာဆီယံအစည်းအ၀ေးများတွင် ရိုဟင်ဂျာအရေးကို ဦးစားပေးထားရှိရန် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများကို တောင်းဆိုပြီး၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အကြံပြုချက်များကို အကောင်အထည် ဖော်ရာတွင် ထောက်ပံ့ရန် တောင်းဆိုသည်။

ဩဂုတ်လနှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခြင်းမပြုမီ အထူးသံတမန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး A.K. Abdul Momen နှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးဖော်ပြသည်။ မကြာသေးမီက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီး၏ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံခရီးစဉ်တွင် ဤအကြောင်းအရာများ ထင်ဟပ်ခဲ့သည်။ အထူးသံတမန်သည် အိမ်ရှင်နိုင်ငံများ COVID-19 ကပ်ရောဂါနှင့် ကမ္ဘာ့စီးပွားရေး အခြေအနေများကြောင့် ပေါ်ထွက်လာရသည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်ကို နားလည်အသိအမှတ်ပြုသည်။ ဒုက္ခသည် ၁.၂ သန်းကို ၀န်အားမမျှ လက်ခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံတကာ အသိုက်အဝန်း၊ ဒေသတွင်းနှင့် ပြည်ပမှ အကူအညီများ လိုအပ်နေသည်။ အကူအညီများတွင် ဒုက္ခသည်များနှင့် အိမ်ရှင်လူမှုအသိုင်းအဝိုင်းများအတွက် စံချိန်စံညွှန်းနှင့်အညီ အားလုံးသင်ယူခွင့် ရှိသော ပညာရေးအတွက် ပံ့ပိုးကူညီခြင်း တို့ ဆောင်ရွက်နိုင်သည်။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပြောတဲ့အတိုင်း ပညာရေးသည် အများသူငှာ ကောင်းကျိုး ဖြစ်တယ်” ဟု အထူးသံတမန်က ပြောသည်။ သက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်ရေးနှင့် တစ်သက်တာ သင်ယူမှု အပါအဝင် စံချိန်စံညွှန်းနှင့်အညီ အားလုံးသင်ယူခွင့်ရှိသော ပညာရေးသည် လူသားများ၏ ဘဝနှင့် ဘဝ တစ်သက်တာ အခွင့်အလမ်းများကို ပြောင်းလဲပေးနိုင်သည့်အပြင် အားလုံးအတွက် ပိုမိုတရားမျှတ၍ ငြိမ်းချမ်း သာယာဝပြောသော လူ့အဖွဲ့အစည်းများ တည်ဆောက်နိုင်စေမည့် ကောင်းကျိုးများ ရှိသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ နယူးယောက်မြို့တွင် ကျင်းပမည့် ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး မတိုင်မီတွင် အထူးသံတမန်က ပညာရေးသည် ရိုဟင်ဂျာလူမျိုးများ၏ အခြေခံ အခွင့် အရေး ဖြစ်ကြောင်း၊ ဒေသအတွက် ရေရှည်အကျိုးသက်ရောက်မှုများရှိကြောင်း အလေးပေးပြောကြားသည်။ “ရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်ပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ကြားခံ ဆက်သွယ်ရေး အဖွဲ့ အမြဲတမ်းကိုယ်စားလှယ်တွေနဲ့ မကြာသေးမီက ဆွေးနွေးခဲ့ပြီး၊ ဇွန်လ ၁၃ ရက်နေ့က အထွေထွေညီလာခံမှာ ကျမ အလေးပေးတင်ပြခဲ့သလို မျိုးဆက်ပျောက်ဆုံးမှုက ကာကွယ်ဖို့အတွက် ရိုဟင်ဂျာနဲ့ ပြည်ပကအပါအ၀င် အခြားပညာရေးဆိုင်ရာ အခွင့်အလမ်းတွေကို ပံ့ပိုးပေးတာတွေ လုပ်တဲ့ အစီအမံတွေ အမြန် လိုအပ်ပါတယ်၊” ဟု ပြောသည်။

မြန်မာနိုင်ငံရှိသက်ဆိုင်ရာပါတီများအားလုံးနှင့် ထဲထဲ၀င်၀င် ထိတွေ့၊ ဆက်ဆံရေး တည်ဆောက်ခြင်းသည် အထူးသံတမန်၏ လုပ်ပိုင်ခွင့် ဖြစ်သည်နှင့်အညီ ထိခိုက်နစ်နာရသော ရိုဟင်ဂျာအသိုက်အဝန်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် တိုက်ရိုက် တိုင်ပင်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေမည် ဖြစ်သည်။ အထူးသံတမန်သည် မြန်မာနိုင်ငံမှ အတင်းအဓမ္မ ရွှေ့ပြောင်းခံရပြီး၊ မလေးရှားနိုင်ငံတွင် လတ်တလော နေထိုင်နေ သူ လူအုပ်စုမျိုးစုံနှင့် ထိတွေ့ဆက်ဆံပြီး ၎င်းတို့၏ အမြင်သဘောထားများ နားထောင်ကာ အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို နားထောင်ဆွေးနွေးသည်။ ပဋိပက္ခ၏ ကျားမရေးရာရှုထောင့်နှင့် လူမှုအသိုက်အဝန်းများတွင် အမျိုးသမီးများ၏ အရေးပါသောအခန်းကဏ္ဍကို အထူးသံတမန်သည် အသိအမှတ်ပြုသည်။ အမျိုးသမီးခေါင်းဆောင်များ၏ ကြံ့ကြံ့ခံရပ်တည်နိုင်မှုကို အားတက်ရပြီး မြန်မာနိုင်ငံက ဦးဆောင်အဖြေရှာရာတွင် အမျိုးသမီးများ၏အသံနှင့် စိုးရိမ်ပူပန်မှုများ ထင်ဟပ်စေရမည်။

လွန်ခဲ့သည့်ငါးနှစ်ကျော် တိုးတက်မှုရပ်တန့်နေသည့်ကာလအတွင်း လူမှုအသိုင်းအ၀ိုင်းအချို့က လူမှုသဟဇာတ ဖြစ်ရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ဆိုးရွားသော အခြေအနေများကြောင့် ရိုဟင်ဂျာလူမျိုးများသည် အန္တရာယ်များသော ရေလမ်း၊ ကုန်းလမ်းမှတဆင့် ထွက်ပြေးကာ လွတ်မြောက်လမ်းကို ရှာဖွေကြရသည်။ ထိုသူများတွင် ရခိုင်ပြည်နယ်အတွင်း အခက်အခဲများ ရင်ဆိုင်နေရသော ပြည်သူများနှင့် ဒုက္ခသည်များ ပါ၀င်သည်။ ရိုဟင်ဂျာများ၏ လိုအပ်ချက်၊ ၎င်းတို့ဆန္ဒနှင့်အညီ သစ်လွင်သော မဟာဗျူဟာများနှင့် ခိုင်မာသော လမ်းကြောင်းများ ပေါ်ထွက်ရန် အရေးတကြီး လိုအပ်နေပါသည်။ အာဆီယံနှင့် နိုင်ငံတကာ အစည်းအ၀ေးများ တွင် ရိုဟင်ဂျာအရေးကိစ္စ ဆက်လက် ပါ၀င်နေစေရန်၊ အိမ်ရှင်အသိုက်အဝန်းအတွက် အထောက်အပံ့များပေးရန်၊ ဆန္ဒအလျောက် လုံခြုံ၊ သိက္ခာရှိရှိနှင့် စဉ်ဆက်မပြတ် နေရပ်ရင်းပြန်ပို့ရေး အစီအစဉ်အပေါ် အခြေခံ၍ ခိုင်မာသော အဖြေရရှိရေး ဆက်လက်လုပ်ဆောင် သွားနိုင်ရန်အတွက် ဒေသတွင်းနှင့် ကမ္ဘာအ၀ှမ်း စည်းလုံး ညီညွတ်မှုရရှိရန် ထပ်မံကြိုးပမ်းရမည် ဖြစ်သည်။

“ရိုဟင်ဂျာတွေရဲ့ စိတ်ထဲမှာ သူတို့ကို မေ့ပျောက်ထားပြီဆိုတဲ့စိတ်နဲ့ စွန့်ပစ်ခံထားရပြီဆိုတဲ့စိတ် ကိန်းအောင်း နေတာမျိုး မဖြစ်စေချင်ဘူး” ဟု အထူးသံတမန်က ပြောပါသည်။ “လူသားတွေအဖြစ် ၎င်းတို့ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့်ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအပါအဝင် အားလုံးက ထောက်ခံပြီး အကာအကွယ်ပေးရပါမယ်။”

generic profile

Jeremy Walden-Schertz

Media and Communications Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ