သတင်းထုတ်ပြန်ချက်

၂၀၂၂ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ - United Nations Myanmar ၏ သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် မတ်လ ၀၈ ရက်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများက မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ မိန်းကလေးများနှင့်အတူ တစ်သားတည်း ရှိပါကြောင်းနှင့် ၄င်းတို့နိုင်ငံ၏အနာဂတ်ကို ပုံဖော်ရာတွင် ၄င်းတို့ဘက်မှ ရပ်တည်သည့် ကတိက၀တ်များကို ထပ်မံအတည်ပြုဖော်ပြပါသည်။

 

ရန်ကုန်။   ။ United Nations Myanmar သည် အမျိုးသမီးများနှင့် မိန်းကလေးများ ၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်စေရန်၊ ၄င်းတို့နိုင်ငံ အနာဂတ်လမ်းကြောင်းကို ပုံ‌ဖော်ရာတွင် ၄င်းတို့၏ အခန်းကဏ္ဍနှင့် အဖွဲ့အစည်းများကို ပံ့ပိုးကူညီရန် နိုင်ငံတွင်း ဖြစ်ပေါ်နေဆဲ အကြပ်အတည်းများကို တုံ့ပြန်ဆောင်ရွက်သည့် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများလုပ်ဆောင်ရာတွင် အမျိုးသမီးများနှင့် မိန်းကလေးများကို အဓိကထားပါမည်ဟူသော ကတိက၀တ်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် ထပ်လောင်း အတည်ပြုပါသည်။ 

၂၀၂၂ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “ယနေ့ ကျားမရေးရာ တန်းတူညီမျှမှုသည် ရေရှည်တည်တံ့သော မနက်ဖြန်တိုင်းအတွက်”   ဟူ၍ဖြစ်သည်။ ကျားမရေးရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ အခွင့်အရေးသည် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ လူ့အခွင့်အရေးများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများတွင် အခြေခံအကျဆုံးဖြစ်သည်ကို အသိအမှတ်ပြုထားသော ဆောင်ပုဒ်ဖြစ်ပါသည်။ သမိုင်းတစ်လျှောက်လုံးတွင် မြန်မာအမျိုးသမီးများသည် နိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က နိုင်ငံတွင်း အကြပ်အတည်း ပေါင်းစုံကို အချိုးအစားမညီမျှစွာဖြင့် ထိခိုက်ခံစားနေစဥ် COVID 19 ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ဒီမိုကရေစီနှင့် အခြေခံကျသော လူ့အခွင့်အရေးများပြန်လည်ရရှိရေးအတွက် ရှေ့တန်းမှတောင်းဆိုခြင်းတို့တွင်လည်း ဦးဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါ၀င်ဆောင်ရွက်ခဲ့ကြသည်။

United Nations Myanmar မှ ထုတ်ပြန်ထားသော နောက်ဆုံးသတင်းအရ ၂၀၂၂ခုနှစ် ဖေဖော်၀ါရီ ၂၈ ရက်အထိ မြန်မာနိုင်ငံ ရွှေ့ပြောင်းလူဦးရေ ၈၇၃,၀၀၀ ရှိလာပြီး အဆိုပါစာရင်းတွင် ၂၀၂၁ခုနှစ် ဖေဖော်၀ါရီ ၁ရက်နေ့ကတည်းက အိုးအိမ်စွန့်ခွာခဲ့သည့် ရွှေ့ပြောင်းလူဦးရေ ၅၀၂,၆၀၀ နှင့် ပြီးခဲ့သော ပဋိပက္ခဖြစ်မှုများမှ ရွှေ့ပြောင်းလူဦးရေ ၃၇၀,၄၀၀ တို့ အပါအ၀င်ဖြစ်ပါသည်။ အများစုမှာ အမျိုးသမီးများနှင့် မိန်းကလေးများဖြစ်ကြသည်။ World Bank နှင့် ILO တို့၏ လေ့လာတွေ့ရှိချက်တွင် အကြပ်အတည်းများ၏ လူမှုစီးပွားရေး သက်ရောက်မှုကို အမျိုးသမီးများနှင့် မိန်းကလေးများက အဆမတန် ထိခိုက်ခံစားကြရသည်ဟု ဖော်ပြထားပါသည်။ ILO ၏ စာရင်းအရ  ၂၀၂၁ခုနှစ်၏ ပထမ ခြောက်လတွင် အမျိုးသမီး ၅၈၀,၀၀၀ ခန့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြသည်။

UNDP နှင့် UNWomen တို့၏ မကြာသေးခင်က လေ့လာချက်တွင်  အမျိုးသမီးများသည် COVID 19 ကပ်ရောဂါ၊ စစ်အာဏာသိမ်းမှုနှင့်အတူ စီးပွားရေးတို့တွင် မကြုံစဖူး သက်ရောက်မှုတို့၏ ရိုက်ခတ်မှုဒဏ်ကို ခံစားနေကြရကြောင်း၊  ၀င်ငွေရသည့် အသက်မွေး၀မ်းကျောင်းလုပ်ငန်း အခွင့်အလမ်းများ လျော့နည်းလာကြောင်း၊ အိမ်တွင်းအလုပ်နှင့် အခကြေးငွေမရသည့် ပြုစုစောင့်ရှောက်ရေးအလုပ်တာ၀န် များပြားလာနေကြောင်းကို အမျိုးသမီး ထက်၀က်ခန့်က သတင်းပို့ခဲ့ပြီး ၀င်ငွေကျဆင်းခြင်းတို့ကို ဖြေရှင်းရာတွင် အမျိုးသမီးများသည် အခက်အခဲအခြေအနေကို ရင်ဆိုင်ကျော်လွှား နိုင်ရန် ဆောင်ရွက်မှုနည်းလမ်းများကို လိုက်လျောညီထွေစွာ ပြောင်းလဲကျင့်သုံးလာကြကြောင်း၊  ကိုယ်၀န်ဆောင် ကျန်းမာ‌ရေး စောင့်ရှောက်မှုများအပါအ၀င် ၀န်ဆောင်မှုများရရှိရန် အခက်အခဲများပြားလာကြောင်းလည်း အမျိုးသမီးများက သတင်းပို့ခဲ့ကြသည်။

ထိုကဲ့သို့သော အမှန်တကယ်ဖြစ်ပျက်နေမှုများကို ဖြေရှင်းရန် UN Country Team အဖွဲ့၀င်များသည် ၄င်းတို့၏ မိတ်ဖက် အဖွဲ့အစည်းများ၊ ဒေသခံအမျိုးသမီး အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်အတူ အမျိုးသမီးများနှင့် မိန်းကလေးများ၏ လိုအပ်ချက်များကို ဦးစားပေးပြီး အကြပ်အတည်းများကို တုံ့ပြန်‌ဆောင်ရွက်နေပါသည်။ 

၂၀၂၁ခုနှစ်အတွင်းတွင် ကုလသမဂ္ဂအဖွဲ့အစည်းသည် တစ်နိုင်ငံလုံး အမျိုးသမီးပေါင်း ၂၈,၆၁၁ ဦးအတွက် ကျား-မအခြေပြု အကြမ်းဖက်ခံရမှုအပေါ် ၀န်ဆောင်မှုပေးခြင်းနှင့် အမျိုးသမီး ၄၆,၁၅၈ ဦးအတွက် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေး ၀န်ဆောင်မှုများ ပံ့ပိုးပေးခဲ့သည်။ အရေးပါသည့် ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန်  ဝေးလံခေါင်ဖျားနှင့် ပဋိပက္ခဖြစ်ပွားနေသော ‌ဒေသများရှိ အမျိုးသမီးများကို ကူညီခြင်းအနေဖြင့် အမျိုးသမီး ၆,၅၀၂ ဦးကို သားဖွားမိခင် အရေးပေါ် လွှဲပြောင်းပေးမှုများတွင် ပံ့ပိုးပေးခဲ့သည်။ တစ်နိုင်ငံလုံး အမျိုးသမီးနှင့် မိန်းကလေး ၁.၅ သန်းခန့်အတွက် ခံနိုင်စွမ်းရည် တည်ဆောက်ခြင်းကို ပံ့ပိုးပေးခဲ့ခြင်း၊ စာသင်ကျောင်းအတွင်းနေ့လည်စာကျွေးခြင်းအပါအ၀င် အစားအစာနှင့် အာဟာရ ပံ့ပိုးကူညီခဲ့သည်။ အမျိုးသမီးနှင့် မိန်းကလေး တစ်သန်း၏ လေးပုံတစ်ပုံကျော်ကို သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ပံ့ပိုးပစ္စည်းများ ထောက်ပံ့ခဲ့သည်။ ပဋိပက္ခဒဏ်ခံစားနေရသော အမျိုးသမီးနှင့် မိန်းကလေး ၁၂၀,၀၀၀ ကျော်ကို  ရေကောင်းရေသန့် ရရှိရန် ထောက်ပံ့ခဲ့သည်။ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ရပ်ရွာအတွင်း ကလေးပျော်နေရာများ ဆောင်ရွက်ပေးပြီး အမျိုးသမီး ၃,၅၀၀ နှင့် မိန်းကလေး ၁၄,၀၀၀ ကျော်တို့ကိုလည်း စိတ်ကျန်းမာရေးနှင့် စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ကူညီခဲ့သည်။

အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းသည် အမျိုးသမီးအများစုပါသည့် ထိခိုက်လွယ်သော အထည်ချုပ် အလုပ်သမား ၃၉,၀၄၂ဦးကို အမေရိကန်ဒေါ်လာ ၁.၇သန်းနှင့်ညီမျှသော ငွေသားလွှဲပြောင်းပံ့ပိုးခဲ့ပါသည်။ ၂၀၂၁ခုနှစ် ပထမ နှစ်၀က်အတွင်း ‌ငွေကြေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများကလည်း အမျိုးသမီး ၉၁ ရာခိုင်နှုန်း ပါ၀င်သည့် ၂.၄သန်း လူဦးရေကို အမေရိကန် ဒေါ်လာ ၄၉၈ သန်းကျော် ချေးငွေများ ပံ့ပိုးပေးခဲ့သည်။ ထို့ပြင် ပဋိပက္ခဖြစ်ပွားသောဒေသများတွင်  အမျိုးသမီး ၉၃ ရာခိုင်နှုန်းပါ၀င်သည့် လူဦးရေ ၂၅၇,၀၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၅.၂ သန်း ချေးငွေ ထုတ်ချေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများက မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ မိန်းကလေးများနှင့်အတူ တစ်သားတည်း ရှိပါကြောင်းနှင့် ၄င်းတို့နိုင်ငံ၏အနာဂတ်ကို ပုံဖော်ရာတွင် ၄င်းတို့ဘက်မှ ရပ်တည်သည့် ကတိက၀တ်များကို ထပ်မံအတည်ပြုဖော်ပြပါသည်။  ကျွန်ုပ်တို့ကမ္ဘာကြီးကို ပိုမိုကောင်းမွန်လာစေရန် ပြောင်းလဲပေးနေသော အမျိုးသမီးများနှင့် မိန်းကလေးများ၏ ပါ၀င်ဆောင်ရွက်မှု၊ ၄င်းတို့၏ အတွေးအခေါ်၊ တီထွင် ဆန်းသစ်မှုများ၊ တက်ကြွလှုပ်ရှားဆောင်ရွက်မှုများနှင့် ၄င်းတို့၏ ခေါင်းဆောင်မှုများကို အသိအမှတ်ပြုရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောကြားချက်ကို ထပ်လောင်းပြီး ဖော်ပြပါသည်။ ယနေ့ ကျားမရေးရာ တန်းတူညီမျှမှု မရှိပါက ရေရှည်တည်တံ့သော အနာဂတ်၊ တန်းတူညီမျှသော အနာဂတ်ကို ရောက်ရှိရန် အလှမ်းဝေးနေဆဲဖြစ်နေပါမည်။  

Lesly Lotha

လက်စ်လီ လိုသာ

RCO
ဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်သူ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ