သတင်းထုတ်ပြန်ချက်

ပဋိပက္ခဖြစ်ပွားမှု ပြင်းထန်လာမှုကြောင့် UNHCR သည် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူများထံ ကူညီထောက်ပံ့ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်။

UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ Matthew Saltmarsh မှ Geneva ရှိ Palais des Nations ၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် အကျဉ်းချုပ်ဖြစ်သည်။

IDP
ခေါင်းစဉ်-၂၀၂၁ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ မြိုင်ကြီးငူစခန်းမှ ပြည်တွင်းနေရပ်စွန့်ခွာသူများ အကူအညီပစ္စည်းများအား လက်ခံရယူနေစဉ်။
ဓာတ်ပုံ - © UNHCR / စငြိမ်းချမ်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လူဦးရေနှစ်ဆ မြင့်တက်လာခဲ့သော ပြည်တွင်း၌နေရပ်စွန့်ခွာသူများသည် အရေအတွက်အားဖြင့် ၈၀၀,၀၀၀ကျော်လွန်လာပြီဖြစ်၍ သိန်းနှင့်ချီသော ပြည်တွင်းနေရပ်စွန့်ခွာသူများကို ကူညီရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ(UNHCR) သည် ၎င်း၏အရေးပေါ် ကူညီတုံ့ပြန်မှု လုပ်ငန်းများအား တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။

တိုက်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများသည် လျော့နည်းသွားမည့် အခြေအနေမရှိဘဲ ဆက်လက် ပြင်းထန်လျက်ရှိသောကြောင့် နိုင်ငံတစ်ဝှမ်းရှိ လုံခြုံရေးသည် မြန်ဆန်စွာ ယိုယွင်းလာသည်။

လာမည့်ရက်သတ္တပတ်များနှင့် လများတွင် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းများ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု UNHCR မှ ခန့်မှန်းထားသည်။

UNHCR ၏ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နေရပ်စွန့်ခွာ နေထိုင်သူ ဦးရေ အသစ် ၄၄၀,၀၀၀ ခန့်ရှိပြီး၊ ယခင်က အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြသူ ဉီးရေ ၃၇၀,၀၀၀ ရှိကြောင်း သိရသည်။။

UNHCR နှင့် မိတ်ဖက်များသည် လုပ်ငန်းလည်ပတ်မှုများအား မြှင့်တင်ခြင်းနှင့် ထပ်ဆောင်း ရင်းမြစ်များ အသုံးပြုကာ များစွာသော နေရပ်စွန့်ခွာသူများအား တတ်နိုင်စွမ်းရှိသမျှ ကျယ်ပြန့်စွာပံ့ပိုးခြင်းဖြင့် ဒေသခံ ရပ်ရွာလူထု၏ တုံ့ပြန်မှုများကို ဖြည့်ဆည်းပေးလျက်ရှိသည်။ မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းရှိ ကရင်၊ ကယား၊ မွန်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အပါအဝင် ပဲခူးတိုင်း(အရှေ့)နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်သူ (အသစ်) ဉီးရေ ၄၄၀,၀၀၀ ၏ ထက်ဝက်‌ကျော်ရှိသည်။ ကရင်နှင့် ကယားပြည်နယ်တို့တွင် အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့များအကြား စစ်မက်ဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး ထိခိုက်မှုအများဆုံး ပြည်နယ်များ ဖြစ်နေဆဲဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှု လိုအပ်နေသည့် အခြားပဋိပက္ခဒဏ်ခံရသော ဒေသသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်ဒေသဖြစ်ပြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် လူဉီးရေ ၁၉၀,၀၀၀ ခန့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရဆဲဖြစ်သည်။ မြန်မာနိုင်ငံရှိ နေရာဒေသအများအပြားတွင် လုံခြုံရေးအခြေအနေ၊ လမ်းပိတ်ဆို့ထားမှုနှင့် ခွင့်ပြုချက် လျှောက်ထားရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးတွင် အခက်အခဲများ ကြုံတွေ့လျက်ရှိသည်။ ရလဒ်အနေဖြင့် နယ်ခံရပ်ရွာလူထု နှင့် ရပ်ရွာအတွင်းအရေးပေါ် တုံ့ပြန် ဆောင်ရွက်ပေးသူများသည် နေရပ်စွန့်ခွာရွှေ့ပြောင်းနေသူများအား ကူညီရာတွင် ဉီးဆောင်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်လျက်ရှိပြီး၊ တတ်နိုင်သလောက် ပါဝင် လှူဒါန်းခြင်းဖြင့် အချင်းချင်း စည်းလုံးညီညွှတ်ခြင်းကို ပြသလျက်ရှိသည်။

အဆိုပါနေရပ်စွန့်ခွာနေထိုင်သူများ၊ နိုင်ငံမဲ့ဖြစ်နေသူများနှင့် နယ်ခံရပ်ရွာလူထုများ စသော ထိခိုက်ခံစားရ သူများအား ကူညီရန် UNHCR သည် UN အေဂျင်စီများ၊ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများ နှင့် ရပ်ရွာ လူထုအသိုင်းအဝန်းတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်တွင် UNHCR ၏ အရေးပေါ် ကယ်ဆယ်ရေး အကူအညီသည် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုရှိ အကူအညီလိုအပ်နေသူ ၁၇၀,၀၀၀ ထံ ရောက်ရှိခဲ့သည်။

အဆိုပါဒေသများတွင် UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သော တာပေါ်လင်များ၊ ကြိုးများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ခြင်ထောင်များ၊ ရေပုံးများ၊ ဖျာများ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းများအပါအဝင် ဆိုလာမီးအိမ်များနှင့် လူကြီး၊ကလေးငယ်များအတွက် ဆောင်းရာသီ သုံးပစ္စည်းများ ဖြန့်ဝေခဲ့သည်။

၂၀၂၂ ခုနှစ်အစောပိုင်းတွင် ပဋိပက္ခဖြစ်ပွားမှုထိခိုက်ခံစားခံခဲ့ရသော ကယားပြည်နယ်ဘက်မှ ပြည်တွင်း နေရပ်စွန့်ခွာသူများသည် ရှမ်းပြည်နယ်ဘက်သို့ ပြောင်းရွှေ့နေထိုင်မှုများရှိလာခဲ့၍ မကြာသေးမီက UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ တောင်ကြီးမြို့တွင် ယာယီအခြေစိုက်စခန်းတစ်ခု တည်ထောင်ခဲ့ပြီး အရေးပေါ်အကူအညီများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကယားပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူများနှင့် တောင်ကြီးမြို့အနီးရှိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများ အတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမှုအား ဇန်နဝါရီလလယ်ပိုင်းတွင် စတင်ခဲ့ပြီး၊ နီးစပ်ရာမြို့နယ်များသို့လည်း လျင်မြန်စွာ တိုးချဲ့ဆောင်ရွက်ပေးခဲ့သည်။ UNHCR နှင့် မိတ်ဖက် အဖွဲ့အစည်းများသည် တစ်လအတွင်း ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေရသူပေါင်း ၁၀,၀၀၀ ခန့်နှင့် ကယားပြည်နယ်ရှိ လူပေါင်း ၂,၀၀၀ ခန့်ကိုလည်း အကူအညီအထောက်အပံ့များ ရောက်ရှိစေခဲ့သည်။

ကုန်စျေးနှုန်းမြင့်တက်ခြင်း၊ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ဝင်ငွေကျဆင်းခြင်း၊ အခြေခံ လိုအပ်ချက်များ ပြတ်တောက်ခြင်းနှင့် ကာလရှည်ကြာ လုံခြုံမှုအားနည်းခြင်းတို့ကြောင့် ကူညီစောင့်ရှောက်မှုလိုအပ်သော လူဉီးရေ မြင့်တက်လာပြီးလူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အခြေအနေသည် ရေရာမှုမရှိပဲ ဖြစ်ပေါ် လျက်ရှိသည်။ ယင်းအကျိုးဆက်ကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူအများစုသည် အသက်ရှင် ရပ်တည်နိုင်ရေးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုအပေါ် မှီခိုအားပြုလျက်ရှိသည်။

ရခိုင်ပြည်နယ်ရှိ နိုင်ငံမဲ့ဖြစ်နေသူ ရိုဟင်ဂျာ ၆ သိန်းခန့် အပါအဝင် ကျေးရွာများနှင့် နေရပ်စွန့်ခွာ စခန်းများရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူ ၁၄၈,၀၀၀ ခန့်တို့သည် ထိခိုက်လွယ်ပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီ လိုအပ်နေသူများအဖြစ် ကျန်ရှိနေသေးသည်။

လုပ်ငန်းဆောင်ရွက်မှုပိုင်းဆိုင်ရာစိန်ခေါ်မှုများကြုံတွေ့နေရသော်ငြားလည်း UNHCR သည် မြန်မာနိုင်ငံ အတွင်း ဆက်လက် တည်ရှိပြီး၊ ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အဖွဲ့အစည်း အနေဖြင့် မြန်မာနိုင်ငံတဝှမ်း အဓိကကျသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ် နေသူများထံ အထောက်အပံ့များ ပေးအပ်ရန် ကတိပြုထားပြီး၊ အကူအညီ ထောက်ပံ့ပေးအပ်ရာတွင် လုံခြုံ၍ အဟန့်အထားမရှိ ပြည့်ဝစွာ ပေးအပ်နိုင်ရေး တိုက်တွန်း တောင်းဆိုပါသည်။ သို့မှသာ ဒေသတွင်းနှင့် ပြည်တွင်း ပြည်ပ အကူအညီပေးရေး အဖွဲ့အစည်းများအနေဖြင့် အသက်ကယ်ဆယ်ရေးလုပ်ငန်းများ ချောမွေ့စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် UNHCR သည် ၎င်း၏ ကာကွယ်စောင့်ရှောက်မှုလုပ်ငန်း နှင့် နေရပ်စွန့်ခွာသူများအသစ် ဖြစ်ပေါ်နေသောနေရာများတွင် လုပ်ငန်းလည်ပတ်မှုများ ဆက်လက်တိုးချဲ့ခြင်းဖြင့် လက်ရှိဖြစ်ပေါ် လျက်ရှိသော အကျပ်အတည်းများကို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် လုံလောက်သော လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးနိုင်ရန်နှင့် ထိခိုက်လွယ်သော လူထု အသိုက်အဝန်းများကို ထောက်ပံ့နိုင်ရန်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၅၆.၇ သန်း လိုအပ်လျက်ရှိသည်။

ကျွန်ုပ်တိုသည် မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာနေထိုင်သူများ နှင့် နိုင်ငံမဲ့ဖြစ်နေသူ လူပေါင်း ၁.၂ သန်းကျော်တို့အတွက် အခြေခံအကာအကွယ်များကို ထိန်းသိမ်းခြင်း၊ အခြေခံအခွင့်အရေးများ ပိုမိုလက်လှမ်းမီ စေရန် စည်းရုံးညှိနှိုင်းခြင်း၊ မလိုလားအပ်သည့် ကိုင်တွယ်ဖြေရှင်းနည်းများလျော့ပါးလာစေရန် ဆောင်ရွက်ခြင်း၊ အတင်းအကြပ်နေရပ်ပြန်စေခြင်းအားကာကွယ်တားဆီးခြင်း နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ကို ဉီးစားပေးလုပ်ဆောင်သွားမည် ဖြစ်သည်။

Kathryn Mahoney

UNHCR
New York
Reuben Lim

Reuben Lim Wende

UNHCR
Public Information Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNHCR
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ