သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ်ထိခိုက်ခံစားရသော လူမှုအသိုက်အဝန်းများအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးရေး WFP ကို ဒိန်းမတ် ပံ့ပိုးကူညီ

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်။

ရန်ကုန်။         ။ မြန်မာနိုင်ငံအတွင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဒိန်းမတ်နိုင်ငံကပေးအပ်သည့် လှူဒါန်းငွေ ဒိန်းမတ်  ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃.၈ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကြိုဆိုလက်ခံရရှိပါသည်။ COVID-19 ကပ်ရောဂါ၏ လူမှုစီးပွားအကျိုးသက်ရောက်မှုအပြင်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးသည့်ကာလ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လွန်စွာလိုအပ်လျက်ရှိသည်။

ဒိန်းမတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် ကချင်၊ ချင်း၊ ရခိုင် နှင့် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးတွင် ပဋိပက္ခဒဏ် ထိခိုက်ခံစားကြရသော နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူ လူဦးရေပေါင်း ၃၆၀,၀၀၀ ခန့်နှင့် အခြားထိခိုက်လွယ်သော မိသားစုဝင်များကို လစဉ် အသက်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ရာတွင် များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ပါသည်။

"မြန်မာနိုင်ငံက ပြည်သူတွေ အကူအညီအလိုအပ်ဆုံးအချိန်မှာ WFP ရဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပေးရေးလုပ်ငန်းတွေမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့  အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့  အထောက်အပံ့ဟာ တကယ့်ကိုလိုအပ်‌နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ သံရုံးအကြီးအကဲ Mr Anders Graugaard က ပြောသည်။

၂၀၂၂ ခုနှစ်အတွင်း အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ အကျိုးခံစားခွင့်ရရှိသူများသည် နေ့စဉ်ကယ်လိုရီလိုအပ်ချက်နှင့် ကိုက်ညီသော ဆန်၊ ပဲ၊ ဆီနှင့် ဆား ပါရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ သို့မဟုတ် အဆိုပါ အခြေခံစားသောက်ကုန်များကို ဒေသတွင်းစျေးဆိုင်များတွင်ဝယ်ယူနိုင်မည့် ငွေသားအထောက်အပံ့ကို ရရှိကြမည်ဖြစ်ပါသည်။

“ဒိန်းမတ်နိုင်ငံကပေးအပ်တဲ့ ဘဏ္ဍာငွေပံ့ပိုးကူညီမှုဟာ အခုလို လိုအပ်ချက်တွေမြင့်တက်လာတဲ့အခိုက် အချိန်ကိုက်ရောက်ရှိလာတဲ့အတွက်   WFP ရဲ့  မြန်မာနိုင်ငံအတွင်း  ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အထောက်အကူအများကြီးဖြစ်စေပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က ပြောသည်။ " အလိုအပ်ဆုံးသောလူတွေဆီကို အခုလို လူသားချင်းစာနာမှုအကူအညီတွေ တိုက်ရိုက်ရောက်ရှိအောင် ကျွန်တော်တို့ WFP အနေနဲ့ ရပ်ရွာလူမှုအသိုက်အဝန်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေအပြင် ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ပြောပါသည်။

WFP သည် နယ်စပ်ဒေသများရှိ ထိခိုက်လွယ်သူများကို ပုံမှန်အထောက်အပံ့များဆက်လက်ပေးအပ်လျက်ရှိသလို၊ သွား‌ရောက်ရန်ခက်ခဲသောနေရာများဖြစ်သည့် ချင်းပြည်နယ် မင်းတပ်မြို့နှင့် မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့နယ်တို့ရှိ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့သူများအား လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့များ ပေးအပ်နိုင်ခဲ့ပါသည်။  အကြမ်းဖက်ဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ အကူအညီလိုအပ်သောသူများကို ကူညီခွင့် စဥ်ဆက်မပြတ်ရရှိ‌ရေးသည် WFP ၏ အဓိကဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။

WFP ၏ စားနပ်ရိက္ခာဖြန့်ဖြူးရေးလုပ်ငန်းဆောင်ရွက်မှုဓါတ်ပုံများကို ဤနေရာတွင် ရနိုင်ပါသည်။

####

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အကြောင်း

၂၀၂၀ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းဖြစ်သည်။ ပဋိပက္ခနှင့် သဘာဝဘေးဒဏ် ထိခိုက်ခံရသူများအတွက် စားနပ်ရိက္ခာအထောက်အပံ့မှတစ်ဆင့် ကယ်ဆယ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်လျက်ရှိပါသည်။ WFP ကို တွစ်တာတွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို တွစ်တာတွင် @DKAmbMyanmar မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

generic profile

ခွမ်းလီ

WFP
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနချုပ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။

နွယ်နွယ်အေး

EOD
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး/ရန်ကုန်

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

ဤလုပ်ငန်းတွင်ပါဝင်သောအခြားအဖွဲ့အစည်းများ

EOD
Embassy of Denmark

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ