သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာအခက်အခဲများ မြင့်တက်လာခြင်းကို ဖြေရှင်းနိုင်ရန် WFP အား ဥရောပသမဂ္ဂ ပံ့ပိုးကူညီ

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်။

ရန်ကုန်။                 ။ မြန်မာနိုင်ငံတွင် မြင့်တက်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဥရောပသမဂ္ဂက ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ထံသို့ ယူရိုငွေ (၄) သန်း လှူဒါန်းသည်။ အဆိုပါ ရက်ရောသည့် ကူညီလှုဒါန်းမှုဖြင့်  ၂၀၂၁ ခုနှစ်တစ်လျှောက်  ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့မှ လူဦးရေပေါင်း ၃၇၀,၀၀၀ ကျော်အတွက်  အသက်ကယ်စားနပ်ရိက္ခာနှင့် အာဟာရ အ‌ထောက်အပံ့များကို ပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။

WFP PR

ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (ECHO) မှ တစ်ဆင့် ပံ့ပိုးကူညီသော ၎င်းရန်ပုံငွေများသည် ပဋိပက္ခဒဏ်၊ နိုင်ငံရေး မငြိမ်သက်မှုများနှင့် COVID-19 ကပ်ရောဂါ၏ လူမှုစီးပွားဆိုင်ရာ အကျိုးသက်ရောက်မှုစသည့် ရိုက်ခတ်မှုများနှင့်ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ အခက်အခဲဆုံးအချိန်တွင် ရောက်ရှိလာခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံအခြေစိုက် EU လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ၏ ကြီးကြပ်သူ Mr Luc Verna  က “မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာအခြေအနေဟာ ပြီးခဲ့တဲ့နှစ်ကစပြီး တော်တော်လေးဆိုးဝါးလာပါတယ်။” ဟု ပြောသည်။ “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအတွက် ထိခိုက်လွယ်သူများထံ သွားရောက်ကူညီခွင့်ရရှိမှုအပိုင်းမှာ အခက်အခဲတွေပိုမိုများပြားလာနေပေမယ့် အခု EU ရဲ့  ပံ့ပိုးမှုကြောင့် WFP အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ စားနပ်ရိက္ခာအကူအညီလိုအပ်နေတဲ့သူတွေကို ကူညီရာမှာ ပိုမိုအားကောင်းလာစေသလို ကူညီဖို့ အသင့်ဖြစ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။” ဟု ပြောပါသည်။

WFP ၏ လတ်တလော စောင့်ကြည့်လေ့လာချက်များအရ မြန်မာနိုင်ငံရှိ မြို့ပြနှင့် နယ်စပ်ဒေသနှစ်ခုလုံးရှိ ထိခိုက်လွယ်သော မိသားစုဝင်များသည် ယခုလက်ရှိဖြစ်ပွားလျက်ရှိသော ဘေးဒဏ်အမျိုးမျိုးကို ပိုမိုထိခိုက် ခံစားနေရကြောင်း တွေ့ရှိရသည်။ အများစုသည် ဝမ်းရေးကိစ္စအတွက်ပင် အစားလျှော့စားခြင်း၊ ငွေချေးခြင်း၊ နှင့် မိမိတို့ပိုင်ဆိုင်မှုများအား ရောင်းချရခြင်းတို့ကို လုပ်ဆောင်နေကြရသည်။

“စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ ဝင်ငွေအခွင့်အလမ်းတွေ လျော့နည်းလာတာတွေကြောင့် အခုဆိုရင် မြန်မာနိုင်ငံတစ်ဝန်းမှာ စားနပ်ရိက္ခာအခက်အခဲတွေဟာ တစ်ခါမှမကြုံဖူးတဲ့အခြေအနေကို ရောက်ရှိနေပြီး မိသားစုထမင်းဝိုင်းအတွက် နေ့စဥ်အစားအစာရရှိဖို့ကိုတောင် တော်တော်လေးရုန်းကန်နေကြရပါတယ်။ ထိခိုက်လွယ်သူတွေ အလွန်လိုအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေကို ထောက်ပံ့ပေးနိုင်ဖို့ အချိန်မီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပံ့ပိုးပေးတဲ့ ဥရောပသမဂ္ဂကို ကျွန်တော်တို့အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောသည်။

နယ်စပ်ဒေသများရှိ ထိခိုက်လွယ်သောသူများအတွက် WFP အနေဖြင့် ဆက်လက်ကူညီထောက်ပံ့သွားရန် အရေးကြီးသကဲ့သို့ မကြာသေးမီက ဖြစ်ပွားခဲ့သော လက်နက်ကိုင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသော ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့မှ သောင်းနှင့်ချီသောလူများထံသို့ အကူအညီများ စဥ်ဆက်မပြတ်ပေးအပ်ခွင့်ရရှိရေးသည် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအတွက် ထိပ်တန်းဦးစားပေးကိစ္စတစ်ခု ဖြစ်ပါသည်။

#                             #                             #

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အကြောင်း

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ၂၀၂၀ ခုနှစ်  ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ် အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

WFP ကို တွစ်တာတွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

EU Civil Protection and Humanitarian Aid အကြောင်း

ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်နေသည့် ကမ္ဘာ့ဦးဆောင်အလှူရှင်နိုင်ငံများဖြစ်သည်။ ကယ်ဆယ်ရေးအကူအညီများကိုပေးအပ်ခြင်းသည် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ အကူအညီလိုအပ်နေသူများနှင့် တစ်သားတည်း ရပ်တည်ကြောင်းဖော်ပြသည့် စည်းလုံးညီညွတ်မှုပြယုဂ်တစ်ခုပင်ဖြစ်သည်။ ၎င်းအကူအညီသည် လူ့အသက်များကို ကယ်တင်ရန်၊ လူသားများဆင်းရဲဒုက္ခခံစားရခြင်းမှ တားဆီးကာကွယ်ရန်နှင့် သက်သာရာရစေရန်၊ သဘာဝဘေးအန္တရာယ်များနှင့် လူလုပ်အကြပ်အတည်းများကြောင့် ထိခိုက်ခံစားရသည့် လူများ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ရည်ရွယ်သည်။

ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာနမှတစ်ဆင့် နှစ်စဉ်နှစ်တိုင်း ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့်ထိခိုက်ခဲ့ရသည့် သန်းနှင့်ချီသော ဒုက္ခသည်များကို ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ဥရောပသမဂ္ဂ ၏ရုံးချုပ်သည် Brussels တွင်တည်ရှိပြီး ကမ္ဘာအရပ်ရပ်ရှိ ရုံးခွဲများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များအပေါ် အခြေခံ၍ အထိခိုက်လွယ်ဆုံးသောသူများကို အကူအညီများ ပေးအပ်လျက်ရှိပါသည်။

 

 

generic profile

ခွမ်းလီ

WFP
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနချုပ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။
generic profile

Peter Biro

EU Bangkok

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ