သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဌာနအဆောက်အအုံများအား ကာကွယ်စောင့်ရှောက်ပေးရေး ထပ်လောင်းတိုက်တွန်းပြောကြားခြင်း

၂၀၂၁ ခုနှစ် မေလ ၀၅ ရက်။

(ရန်ကုန်) - ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာ ရေးဌာနများကို တိုက်ခိုက်မှုများကြောင့် Covid19 တုံ့ပြန်ဆောင်ရွက်မှုအပါအဝင် ပြည်သူ့ကျန်းမာ ရေးဆိုင်ရာ ကိစ္စများအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့ကြီးက သတိပေး လိုက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးဌာနများနှင့် လူနာများကို ကာကွယ်စောင့်ရှောက်ပေးရန် ထပ်လောင်းတိုက်တွန်းပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ကြပ်မတ်မှုစနစ်အရ မြန်မာ နိုင်ငံတွင် ဖေဖေါ်ဝါရီလအစောပိုင်းမှ စတင်၍ ကျန်းမာရေးစောင့်ရှောက်မှုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုပေါင်း ၁၅၈ ခု ရှိခဲ့ကြောင်း သတင်းပို့အစီရင်ခံမှုများ ရှိနေပြီး ထိုတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၁ ဦး ရှိသည်ဟု ဆိုပါသည်။ ဤကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ သတင်းပို့အစီရင်ခံလာသည့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကျန်းမာရေး စောင့်ရှောက်ဝန်ဆောင်မှုများအပေါ် တိုက်ခိုက်မှုများ၏ အများစုသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ မှ ဖြစ်နေပါသည်။ တိုက်ခိုက်မှု ၈၃ ခုသည် ကျန်းမာရေးဌာနအဆောက်အအုံများ၊ ၂၁ ခုသည် လူနာ တင်ယာဉ်များ၊ ၇၆ ခုသည် ကျန်းမာရေးဝန်ထမ်းများနှင့် ၇၃ ခုသည် လူနာများကို ထိခိုက်စေခဲ့ခြင်း ဖြစ်ပါသည်။  

ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်မှတ်တမ်းတင်မှုစနစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေး ဌာနအဆောက်အအုံ ၅၁ ခုအတွင်း လုံခြုံရေးတပ်ဖွဲ့များမှ ဝင်ရောက်တပ်စွဲခဲ့ကြောင်း မှတ်တမ်းတင် ထားပါသည်။ လတ်တလောတွင် ထိုအဆောက်အအုံများထဲမှ အနည်းဆုံး ၃၁ ခုတွင် လုံခြုံရေးတပ်ဖွဲ့ များ တပ်စွဲထားဆဲဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လာရောက်သူအရေအတွက် ကျဆင်း သွားကြောင်း အစီရင်ခံတင်ပြထားပါသည်။ ထို့အပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည် ဟု ယူဆရသော ဆရာဝန် အနည်းဆုံး ၁၃၉ ဦးကိုလည်း မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်ဟု သိရှိရပါသည်။ ထိုသို့တရားစွဲဆိုခံထားရသော ဆရာဝန်များထဲတွင် အထူးကုသမားတော်များ၊ ဆရာဝန်ကြီးများလည်း ပါဝင်ပြီး ၎င်းတို့၏ အဆင့်မြင့်ကျွမ်းကျင်မှုများကို အလွယ်တကူ အစားထိုးဖြည့်ဆည်းပေးနိုင်ရန် ခက်ခဲမည်ဖြစ်သောကြောင့် ယင်းသည် နိုင်ငံတွင်း ရရှိ နိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများ၏ အရည်အသွေးနှင့် အရေအတွက် နှစ်မျိုးစလုံးကို ကြီးမား စွာ ထိခိုက်စေလိမ့်မည်ဖြစ်ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုများအား ပစ်မှတ်ထားတိုက်ခိုက်မှုများသည် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မှုအတွက်သာမက Covid19 တုံ့ပြန်ဆောင်ရွက်မှုများအတွက်ပါ ကြီးမားပြင်းထန်သော ထိခိုက်ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို ဖြစ်ပေါ်စေသဖြင့် မြန်မာနိုင်ငံအတွင်းတွင် သာမက နိုင်ငံပြင်ပ အခြားနေရာဒေသများအတွက်ပါ ဆိုးရွားသော နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ခြေ ရှိနေပါသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများအား အလိုအပ်ဆုံး ဖြစ် နေသော အချိန်ကာလမျိုးတွင် ကျန်းမာရေးဝန်ထမ်းများသည် ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ဟူသည့် အခွင့်အရေးများကို ကျင့်သုံးခြင်းကြောင့် ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း ခံရမည်ကို စိုးရိမ်ကြောက်ရွှံ့နေရသည့် အခြေအနေ ဖြစ်ပေါ်နေပါသည်။

ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Andrew Kirkwood က “မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့သည် နိုင်ငံအဆင့် Covid19 တုံပြန်ဆောင်ရွက် မှုများကို ကူညီပံ့ပိုးပေးရန် အဆင်သင့်ရှိနေပါကြောင်း၊ သို့သော် ထိုသို့ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ယခင်က ဆောင်ရွက်ခဲ့သည့် Covid19 ကမ္ဘာ့ကပ်ရောဂါအတွက် ဘက်ပေါင်းစုံမှ တုံ့ပြန်ဆောင်ရွက် နေမှုများကို ပြန်လည်လုပ်ဆောင်ခြင်း၊ ကျန်းမာရေးဌာနများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူနာများနှင့် စပ်လျဉ်း၍ စောင့်ထိန်းရမည့်အရာများ လေးစားလိုက်နာစောင့်ထိန်းခြင်း၊ နိုင်ငံအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းများအား ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ဟူသည့် အခွင့်အရေးများကို ကျင့်သုံး ခြင်းကြောင့် ၎င်းတို့အား ဖမ်းဆီးထားမှု သို့မဟုတ် ထိန်းသိမ်းချုပ်နှောင်ထားမှုတို့မှ ချက်ချင်းပြန် လွှတ်ပေးခြင်းတို့ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း” ပြောပါသည်။

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်များအဖွဲ့ (United Nations Country Team) တွင် FAO၊ ILO၊ IOM၊ ITC၊ OHCHR၊ OCHA၊ UNAIDS၊ UNCDF၊ UNDP၊ UNEP၊ UNESCO၊ UNFPA၊ UN HABITAT၊ UNHCR၊ UNICEF၊ UNIDO၊ UNODC၊ UNOPS၊ UNV၊ UN WOMEN၊ WFP နှင့် WHO တို့ ပါဝင်ပါသည်။

မှတ်ချက် - WHO ၏ မကြာမီက ထုတ်ပြန်ထားသော ဆောင်းပါးလင့်ခ်တွင် ပိုမိုအသေးစိတ်သော အချက်အလက်များကို ဖတ်ရှုနိုင်ပါသည်။ ထိုစနစ်သည် ကျူးလွန်သူများ သို့မဟုတ် တာဝန်ရှိသူများကို ဖော်ထုတ်သတ်မှတ်ရန် ရည်ရွယ်ခြင်း မရှိ ဘဲ ကျန်းမာရေးစောင့်ရှောက်ဝန်ဆောင်မှုများကို ကာကွယ်စောင့်ရှောက်ပေးပြီး ဘေးအန္တရာယ်ကင်းရှင်းစေ၍ လူနာများ နှင့် ဝန်ဆောင်မှုပေးသူများအနေဖြင့် စိုးရိမ်ကြောက်ရွှံ့ခြင်းကင်းစွာဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ရယူနိုင် ရန်နှင့် ပေးအပ်နိုင်ရန် အထောက်အကူပြုသည့် ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရေး ကူညီပေးရန်သာ ရည်ရွယ်ကြောင်းလည်း ထို ဆောင်းပါးတွင် ဖော်ပြပါရှိပါသည် - https://www.who.int/myanmar/news/detail/01-05-2021-who-s-attack-on-healthcare-initiative-advocates-for-safeguarding-healthcare-does-not-aim-at-reporting-incidents

generic profile

David Swanson

Regional Public Information Officer UN Development Coordination Office (UNDCO)

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

FAO
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့
ILO
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့
IOM
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း
ICT
အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန
OCHA
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး
OHCHR
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး
UN Women
ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့
UN Habitat
ကုလသမဂ္ဂ လူသားများအခြေချနေထိုင်မှု အစီအစဉ်
UNAIDS
HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ ပူးပေါင်းအစီအစဉ်
UNCDF
ကုလသမဂ္ဂ အရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ
UNDP
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်
UNEP
United Nations Environment Programme
UNESCO
ယူနက်စကို
UNFPA
လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း
UNHCR
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ
UNICEF
ယူနီဆက်
UNIDO
ကုလသမဂ္ဂ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုအဖွဲ့
UNODC
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး
UNOPS
ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး
UNV
ကုလသမဂ္ဂစေတနာ့ဝန်ထမ်းများ
WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်
WHO
ကမ္ဘာ့ကျန်းမာရေးအဖွဲ့

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ