သတင်းထုတ်ပြန်ချက်

UN Under Secretary General နှင့်ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့၏ အမှူဆောင်ညွှန်ကြားရေးမှူး Phumzile Mlambo-Ngcuka,  ၏ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် မတ်လ ၁၂ ရက်။

ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့သည် ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဘောထားထုတ်ပြန်ချက် အတိုင်း ရပ်တည်ပြီး လွန်ခဲ့သောလမှစ၍ ဖြစ်ပွားလျက်ရှိသော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို သေစေနိုင်သော အင်အားသုံးခြင်းနှင့် အကြမ်းဖက်ဖြိုခွဲခြင်းများအပေါ် ပြင်းထန်စွာ ရှုံ့ချပြီး၊ ဤအခြေအနေ တွင် အမျိုးသမီးများကိုဦးတည်ပြီး လုပ်ဆောင်နေသော အင်အားမမျှတစွာ အကြမ်းဖက်မှုများအပေါ် များစွာ စိုးရိမ်ပူပန်မှု ဖြစ်ရပါသည်။

ဤကဲ့သို့ ဖိနှိပ်မှုကြောင့် အမျိုးသမီး ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ လူငယ်အမျိုးသမီးများ၊ လိင်တူလိင်ကွဲနှစ်သက်သူ အမျိုးသမီးများ(LGBTIQ+)နှင့် အရပ်ဖက်လူမှုရေး လှုပ်ရှား တက်ကြွသူအမျိုးသမီးများ အပါအဝင် အမျိုးသမီးဦးရေ ၆၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် ဖမ်းဆီးထိန်းသိမ်းခံရသူများတွင်လည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခြင်းနှင့် အကြမ်းဖက်ခံရခြင်းများ ရှိနေကြောင်း သတင်းပေးပို့မှုများ ရှိနေပါသည်။

အမျိုးသမီးများသည် မြန်မာနိုင်ငံ၏သမိုင်းတွင် ဂုဏ်ပြုထိုက်ပြီး အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေ သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အမျိုးသမီးများအနေဖြင့် ထိုအနေအထားကို ဆက်လက် လုပ်ဆောင်နေ ကြပြီး ၄င်းတို့၏ သဘောထားဆန္ဒများကို ငြိမ်းချမ်းစွာဖော်ထုတ်သည့်အတွက် အပြစ်ပေးခံရခြင်းနှင့် တိုက်ခိုက်ခံရခြင်းများ မဖြစ်စေရပါ။ မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (CEDAW) အား လက်မှတ်ရေးထိုးထားသည့်နိုင်ငံ ဖြစ်ပါသည်။ ထိုသဘောတူ စာချုပ်တွင် “နိုင်ငံတစ်နိုင်ငံ၏ ပြီးပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာကြီး သာယာဝပြောမှုနှင့် ငြိမ်းချမ်းမှုတို့ရရှိရန်အတွက် ကဏ္ဍပေါင်းစုံတွင် အမျိုးသားများနှင့် တန်းတူညီမျှသော အမျိုးသမီးများ၏ပါဝင်မှုကို အများဆုံးရရှိရန်လိုအပ်သည်” ဟူ၍ဖော်ပြထားပြီး၊ “အမျိုးသမီးများသည် လူ့အခွင့်အရေးနှင့် အခြေခံကျသော လွတ်လပ်မှုတို့ကို အမျိုးသားများနှင့်တန်းတူ ကျင့်သုံးခံစားရန်” အာမခံ ထားသည်။ အမျိုးသမီးများကို အကြမ်းဖက်ခြင်းသည် ထိုသဘောတူစာချုပ်အောက်တွင် ဟန့်တားထားသော ခွဲခြားဆက်ဆံမှု တစ်မျိုး ဖြစ်ကြောင်း စီဒေါကော်မတီမှ ထပ်မံ၍ ရှင်းလင်းစွာ ဖော်ပြထားပါသည်။

အမျိုးသမီးများအပါအဝင် ဆန္ဒဖော်ထုတ်သူများအား ရန်ပြုတုံ့ပြန်ခြင်းမလုပ်ဘဲ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို အပြည့်အဝလေးစားပေးရန် မြန်မာ့တပ်မတော်နှင့်ရဲတပ်ဖွဲ့ကို ကျွန်ုပ်တို့က တောင်းဆိုလိုက်ပါသည်။ မြန်မာ့တပ်မတော်နှင့် ရဲတပ်ဖွဲ့သည် အဖမ်းဆီးခံရပြီး လက်တလောတွင်ထိန်းသိမ်းခံထားရသော အမျိုးသမီးများ၏ လူ့အခွင့်အရေးကို လေးစားပေးရန် ကျွန်ုပ်တို့က ထပ်မံတောင်းဆိုလိုက်ပြီး၊ ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ချက်ချင်းလွှတ်ပေးရန်အတွက် တောင်းဆိုမှုများအပေါ် လိုက်လျောပေးရန်လည်း ထပ်လောင်း ပြောကြားလိုက်ပါသည်။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN Women
ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ